ရန်ကုန်၊ ဇွန် ၁၄
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်က ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က ရွာထဲရှိ နေအိမ်များကို မီးရှို့ထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ လောင်းလုံးမြို့အနီးရှိ စစ်ပြဲရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲများသည် တနေကုန် ပြင်းထန်ခဲ့ပြီး ထားဝယ်ဘက်မှ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်ထိ စစ်ပြဲရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားပြီး အနီးအနားရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း၊ ယခုညပိုင်းတွင် လောင်းလုံးမြို့နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် တိုက်ပွဲ ခေတ္တရပ်နားထားကြောင်း သိရှိရသည်။
သို့သော် ယနေ့ ညပိုင်းတွင် ထားဝယ်မြို့ဘက်မှ အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်နိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေး ပြောဆိုထားသည်။
“နံနက်တည်းက တိုက်ပွဲက ဖြစ်နေတာ စစ်ပြဲရွာထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်နေတာ ထားဝယ်ဘက်က လက်နက်ကြီးပစ်နေတာလည်း မနည်းဘူး။ တောက်လျောက်ကို ပစ်နေတာ အခုက မိုးအရမ်းရွာလို့ တိုက်ပွဲခဏရပ်နေတယ်။ စစ်ခွေးစစ်ကြောင်း ပြန်မဆုတ်ရင်တော့ တိုက်ပွဲထပ်ဖြစ်နိုင်တယ်။ ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ ပြောချင်တယ်။ ညအချိန်တွေဆို စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ထားဝယ်ဘက်ကနေ ရွာတွေကို ရမ်းသမ်းပစ်ခတ် နိုင်တယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြို့ပေါ်မှ ထွက်ခွာလာကာ စစ်ပြဲကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာထဲရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ ထိုစစ်ကြောင်းသည် ပြန်လည် ဆုတ်ခွာခြင်းမရှိသေးဘဲ စစ်ပြဲရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားကာ ပြည်သူပိုင် နေအိမ်များ ပစ္စည်းများကို စိတ်ကြိုက်ဖောက်ထွင်း ယူဆောင်နေပြီး ဈေးဆိုင်များမှ စားသောက်ကုန် ပစ္စည်းများကို ခိုးယူစားသောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။




