ရန်ကုန်၊ ဇွန် ၁၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် လက်တောင်းကြီးရွာမှ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပုလဲမြို့နယ်၊ အလယ်ပုံကျေးရွာအတွင်းသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်တောင်းကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာပြည်သူ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ကာ နေရာတင် သေဆုံးသွားခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက အလယ်ပုံရွာထဲကနေပြီး ဘာတိုက်ပွဲမှလည်း မရှိဘဲ နံနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ အဲဒီကျည်က လက်တောင်းကြီးရွာထဲ ကျပေါက်ပြီး အသက် ၆၀ ကျော် အဖွားအိုတစ်ယောက် ဗုံးစမှန်ပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်လည်း ဒဏ်ရာရလို့ ဆေးကုနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲထားပြီး နေအိမ်များမှပြည်သူပိုင် ပစ္စည်းများကို ခိုးယူရောင်းစားနေပြီး ပြည်သူများ နေထိုင်ရာ ကျေးရွာများများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မော်တုံးရွာကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အမတ ၃၀၆ မှ အကြမ်းဖက် စစ်သားများက မော်တုံးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“မော်တုံးရွာဘက်မှာတိုက်ပွဲဖြစ်တာ မရှိပါဘူး။ စစ်ခွေးတွေ ဒီနေ့ နံနက်ပိုင်းက ဒရုန်းနဲ့ ရွာထဲကို ကျဲချ တိုက်ခိုက်တယ်လို့ သိရတယ်။ လူထိခိုက်တယ်လို့တော့ မကြားမိဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်




