ရန်ကုန်၊ ဇွန် ၁၅ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းက ပြည်သူအချို့ကို ဖမ်းဆီးထားပြီး အိုရင်းကျေးရွာအတွင်းသို့ ဝင်ရောက်မီးရှို့နေကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇွန်လ ၁၂ ရက်နေ့ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာသော စစ်တပ်က ကမ္မမြို့သို့ ရောက်ရှိပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူမွှေနှောက်ခဲ့သည်။
ထို့နောက် ဇွန်လ ၁၄ ရက်နေ့တွင် အဆိုပါစစ်ကြောင်းသည် ကမ္မမြို့အနောက်ပိုင်း ထနောင်းကျေးရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ ကမ္မမြို့အရှေ့ပိုင်း တကျင်းကုန်း ခေါ် မိုးကုတ်ရိပ်သာဘက်မှတစ်ဆင့် မြောက်ဘက်သို့ စစ်ကြောင်းတစ်ကြောင်းနှင့် ကမ္မ-တွင်းမ ကတ္တရာလမ်းအတိုင်း မကျည်းတန်းကျေးရွာတွင် စစ်ကြောင်းတစ်ကြောင်း စသည်ဖြင့် ဖြန့်ခွဲနေရာယူခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ခွဲပြီးနောက် ဇွန်လ ၁၅ ရက် ယနေ့နံနက်ပိုင်းတွင် မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာ အနောက် ဘက်သို့ ရောက်ရှိနေသော နောက်ထပ်စစ်ကြောင်းတစ်ခုက ဇော်ဂျီတောင်မှတစ်ဆင့် တွင်းမတမံအတိုင်း တွင်းမပျူရွာသို့ ဝင်ရောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ကမ္မမြို့အရှေ့ပိုင်း တကျင်းကုန်း ခေါ် မိုးကုတ်ရိပ်သာဘက်မှတစ်ဆင့် မြောက်ဘက်သို့ ထွက်လာသော စစ်ကြောင်းက ယနေ့ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်းကျေးရွာမှတစ်ဆင့် အိုရင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
“ဒီနေ့ မနက်လင်းလင်းချင်းမှာတော့ မကျည်းတန်းနားက စစ်ကြောင်းက လမ်းကို ကင်းထောက်ထားတဲ့ သဘောထင်တယ်။ သူကတော့ အလယ်စစ်ကြောင်းပေါ့၊ အလယ်စစ်ကြောင်းမှာက ကား ၂ စီး ပါတယ။ မကျည်းတန်းဆိုတာ ကမ္မနဲ့ တွင်းမကြား တဝက်လောက်မှာရှိတာ၊ ကမ္မနဲ့ တွင်းမက ၆ မိုင်လောက် ဝေးတယ်။ အဲဒီကြား ၃ မိုင်လောက်မှာ ကား ၂ စီးနဲ့ နေရာယူထားတာ။ ပြီးတော့ ကမ္မနဲ့ တွင်းမကြား လမ်းဘေးဝဲယာမှာလည်း အကုန်လုံး စစ်ကြောင်းဖြန့်ထိုးနေတယ်။ အနောက်ဘက်ကလာတဲ့ စစ်ကြောင်းကတော့ တွင်းမထဲကို ဝင်သွားပြီလို့ သိရတယ်။ အရှေ့ဘက် တကျင်းကုန်းဘက်ကနေလာတဲ့ စစ်ကြောင်းက လေကြောင်းတိုက်ခိုက်ခံရမှု ခဏခဏခံရတဲ့ ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်းကျေးရွာကနေ အိုရင်းရွာထဲကို ဝင်ပြီးတော့ မီးရှို့နေတယ်လို့ သိရပါတယ်” ဟု အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူက ပြောကြားသည်။
ထို့ပြင် ပခုက္ကူမြို့နယ်၊ မကျည်းတန်းကျေးရွာအနောက်ဘက်ရှိ တောတိုက်ထဲတွင် နေထိုင်ကြသော လင်မယားနှစ်ဦးအပါအဝင် ပြည်သူအချို့လည်း ဖမ်းဆီးခံထားရပြီး ယခုအချိန်အထိ အဆက် အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
လက်ရှိတွင် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းများဖြန့်ခွဲကာ ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းနှင့် လေ ကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသောကြောင့် စစ်ကြောင်းသတင်း၊ လေကြောင်းသတင်းများကို ဂရုတစိုက်နားစွင့်ကာ လုံခြုံရေးအထူးသတိပြု နေထိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူလူထု၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




