ရန်ကုန်၊ ဇွန် ၁၅
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌ ခရီးသည်တင်စက်လှေ ၁ စီး တိမ်းမှောက်မှုကြောင့် ပြည်သူ ၈ ဦး သေဆုံးကာ ၃ ဦး ပျောက်ဆုံးနေကြောင်း ရခိုင်စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသော စာရေးဆရာ ဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၅ ရက်နေ့ မွန်လွဲပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ကျောက် တော်မြို့သို့ ဈေးဝယ်ရန် ထွက်ခွာလာသည့် ခရီးသည်တင်စက်လှေ ၁ စီးသည် ပုဏ္ဏားကျွန်းမြို့ နယ်၊ကင်းချောင်းအတွင်း ကျောက်ဆောင်နှင့်တိုက်မိကာ စက်လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စက်လှေတိမ်းမှောက်မှုအတွင်း အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး ရေနစ်သေ ဆုံးခဲ့ပြီး ၃ ဦးမှာ ရေစီးနှင့်အတူမျောပါသွား၍ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
“ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ကို ဈေးဝယ်လာတဲ့ စက်လှေတစ်စီးက ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းအရောက်မှာ ကျောက်ဆောင်နှင့်တိုက်မိကာ စက်လှေတစ်စီးနစ်မြှုပ်သွားတယ်လို့ သိရတယ်။ အဲ့ထဲမှာ စုစုပေါင်း ခရီးသည်က ၃၅ ဦးပါတယ်။ အဲ့ ၃၅ ဦးထဲမှာ လက်ရှိ အလောင်းရှာဖွေတွေ့ရှိတာက ၇ ဦးလောက်ရှိပြီ နောက်ထပ်ရှာမတွေ့သေးတာ ၃ ဦးလောက်ရှိမယ်လို့ သိရတယ်။ ရာသီဥတုအခြေနေကလည်း ဒီနေ့ သိပ်ဆိုးဆိုးဝါးဝါးမရှိဘူး။ လေပြင်းတိုက်ပြီး မိုးရွာတာမျိုးမရှိဘူး။ ၂၄ ဦးတော့ လွတ်မြောက်လာပါတယ်။ ၈ ဦးက အလောင်းကို တွေ့ပါပြီ။ လက်ရှိအချိန်အထိ အဲ့မှာကူညီကယ်ဆယ်ရေးတွေလုပ်နေပြီး မတွေ့သေးတဲ့အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောဆိုသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် စက်လှေပေါ်တွင် ခရီးသည် ၃၅ ဦး လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် ၂၄ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ အသက်ရှင်ကျန်ရစ်သူများအနက် ဒဏ်ရာပြင်းထန်သည့်သူများကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
လက်ရှိအချိန် အာရက္ခပြည်သူ့အစိုးရ၊ ပို့ဆောင်ရေးဌာနကလည်း ရေယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များအနေဖြင့် မိုးလေဝသအခြေအနေများကို စနစ်တကျ ကြည့်ရှုပြီးမှ ခရီးသွားလာကြရန်၊ ရေ ကြောင်း ခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီများကို မပျက်မကွက် ဝတ်ဆင်ကြရန်နှင့် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို သတ်မှတ်ဝန်အလေးချိန်ထက် အလွန်အကျွံ တင်ဆောင်ခြင်းမပြုကြရန် ထုတ်ပြန်သတိပေးထားကြောင်း သိရှိရသည်။






