26.4 C
Yangon

စစ်တပ်ဘက်တော်သား ခရိုနီ အောင်မျိုးမင်းဒင်၏အစ်ကို MFVP ဥက္ကဋ္ဌ စိုးသန်းမင်းဒင်က မြေလွတ်မြေရိုင်းပလပ်မြေကို သိန်းထောင်ချီဖြင့် ရောင်းစားမှု အပါအဝင် ငွေကြေးအလွဲသုံးစားမှုများကြောင့် အသင်းအဖွဲ့အတွင်း ပြဿနာတက်

Must read

ရန်ကုန်၊ ဇွန် ၁၅ ရက်

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ စိုးသန်းမင်းဒင်သည် ၎င်းပိုင်ဆိုင်မှုမရှိသည့် မြေလွတ်မြေရိုင်း၊ ပလပ်မြေများကို အသင်းသို့ လိမ်လည်ရောင်းချကာ ငွေကျပ်သိန်းထောင်ချီ အလွဲသုံးစားပြုလုပ်ခြင်း အပါအဝင် မမှန်မကန် ဆောင်ရွက်မှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရပြီး အသင်းအတွင်း ပြဿနာများ ပေါ်ပေါက်နေကြောင်း သိရသည်။

အဆိုပါ တိုင်ကြားမှုကို MFVP အသင်း၏ အလုပ်အမှုဆောင်ဖြစ်ခဲ့သူ ဦးဇေယျာထက်အောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ထံသို့ လိပ်မူ၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

“ဧပြီလထဲမှာ MFVP အသင်းရဲ့ အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲလုပ်တယ်။ အဲဒီမှာ ဥက္ကဋ္ဌသစ်အဖြစ် ဦးကျော်သူနှင့် ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင် အပါအဝင် အလုပ် အမှု ဆောင်အဖွဲ့အသစ် တက်လာတယ်။ ဦးစိုးသန်းမင်းဒင်ကနားသွားတယ်။ ဒါပေမယ့် သူ အလွဲ သုံးစားလုပ်ထားတာတွေ တစ်ခုမှ မရှင်းပေးသေးဘူး” ဟု MFVP အသင်းမှ အဖွဲ့ဝင် ပြောဆိုသည်။

ဦးဇေယျာထက်အောင်၏ တိုင်ကြားစာတွင် နှစ်ပေါင်း ၂၀ ကြာ ရပ်တည်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်း ၁၃ သင်း၊ သီးနှံအစုအဖွဲ့ ၃၁ ဖွဲ့နှင့် အသင်းဝင်အင်အား ၅ သောင်းခန့်ရှိသည့် MFVP အသင်းကြီး၏ ဥက္ကဋ္ဌ ရာထူးကို ၁၅ နှစ်တိုင် တာဝန်ယူထားသူ ဦးစိုးသန်းမင်းဒင်သည် ကိုယ်ကျိုးအတွက် ငွေကြေးအလွဲသုံးစားမှုများ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

တိုင်ကြားချက်များအရ ဥက္ကဋ္ဌ စိုးသန်းမင်းဒင်သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၄ မိုင်မှ ပဲခူးမြို့သို့ သွားရာလမ်းရှိ ၎င်းပိုင်ဆိုင်သော အိုအေစစ်မြေများထဲမှ ၃ ဧကကို အသင်းသို့ ပြန်လည်ရောင်းချကာ အသင်းပိုင်ငွေကျပ် သိန်း ၁,၅၀၀ ကို ထုတ်ယူသုံးစွဲခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ မြေကွက်၏ တည်နေရာမြေပုံကို ပဲခူးမြေတိုင်းနှင့် မြေစာရင်းရုံးသို့ သွားရောက်စုံစမ်းရာတွင် ၎င်းမြေကွက်မှာ ဥက္ကဋ္ဌကိုယ်တိုင် ပိုင်ဆိုင်မှုမရှိဘဲ မြေလွတ်မြေရိုင်းနှင့် ပလပ်မြေများ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

၎င်းအပြင် အဆိုပါမြေမှာ အရောင်းအဝယ်ပြုလုပ်စဉ်ကပင် တစ်ဧကလျှင် ကျပ် ၃၀ သိန်းခန့်သာ တန်ကြေးရှိသော်လည်း တစ်ဧကလျှင် ကျပ်သိန်း ၅၀၀ နှုန်းဖြင့် အသင်းသို့ မမှန်မကန် လိမ်လည်ရောင်းချခဲ့ခြင်း ဖြစ်သည်။

၎င်းရောင်းချမှုတွင် အသင်းပိုင်ငွေကျပ် သိန်း ၁,၅၀၀ အနက် ယခင်က သိန်း ၁,၃၀၀ ကျပ်ကို ထုတ်ယူထားပြီး ဖြစ်သလို နောက်ထပ် သိန်း ၂၀၀ ကျပ်ကိုလည်း ထပ်မံထုတ်ယူရန် လက်ရှိဘဏ္ဍာရေးမှူးထံ တောင်းခံထားကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် အသင်းမှ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးကျော်သူနှင့် ဒေါ်နီလာတို့က အမည်ခံဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။ တိုင်ကြားသူ ဦးဇေယျာထက်အောင်က ၎င်းတိုင်ကြားစာတွင် မမှန်မကန် မြေရောင်းစားမှုကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

“ကျွန်တော်မှ အဆိုပါမြေကွက်၏ တည်နေရာမြေပုံကို တောင်းယူရာတွင် စာရေးမ မသီတာကို မြေပုံထုတ်ပေးရန် ပြောပြပြီး လက်ဖြင့် ရေးဆွဲထားသော မြေပုံကို ထုတ်ပေးခဲ့ပါသည်။ ကျွန်တော်တို့မှ ပဲခူး မြေတိုင်းနှင့် မြေစာရင်း ရုံးသို့ သွားရောက်စုံစမ်းရာ ၎င်းမြေကွက်မှာ မြေလွတ်မြေရိုင်း၊ ပလပ်မြေ ဖြစ်နေပါသည်။ ဥက္ကဋ္ဌမှ ၎င်းမြေကွက်ကို ၎င်းပိုင်ဆိုင်မှုမရှိဘဲ ငွေကျပ်သိန်း၊ (၁၅၀၀) ဖြင့် လိမ်လည်ရောင်းချခြင်းဖြစ်ပါသည်။”ဟု သူက တိုင်ကြားစာတွင် ဖော်ပြထားသည်။

ငွေကြေးအလွဲသုံးစားမှုများအပြင် ဥက္ကဋ္ဌ စိုးသန်းမင်းဒင်သည် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် NGO၊ INGO များထံမှ အကူအညီအဖြစ် ရရှိသော အထောက်အကူပြုပစ္စည်းများကို အသင်းသားများ၏ သဘောတူညီချက်မရှိဘဲ မိမိကိုယ်ကျိုးအတွက် ရောင်း ချခဲ့သဖြင့် တောင်သူလယ်သမားများ နစ်နာခဲ့ရကြောင်း သိရသည်။

အလားတူ အသင်းအတွက် အသုံးပြုသည့် ဘဏ်စာရင်းများကိုလည်း ကော်မတီဆုံးဖြတ် ချက်မရှိဘဲ မိမိသဘောဖြင့် ပွင့်လင်းမြင်သာမှုမရှိဘဲ အသုံးပြုခဲ့ကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

ထို့ပြင် အဆိုပါအသင်းမှ ဦးတင်အောင် ဆိုသူကလည်း နိုင်ငံတကာအဖွဲ့အစည်းများထံမှ အသင်းအတွက် ရရှိထားသည့် အအေးခန်းကို သိန်းထောင်ချီဖြင့် ရောင်းစားခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေသည်။

ယခုကဲ့သို့ အသင်း၏ ရာထူးကြီးကို ရယူကာ အသင်းဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုမရှိဘဲ မသမာမှုများ လုပ်ဆောင်နေခြင်းကြောင့် ဥက္ကဋ္ဌ စိုးသန်းမင်းဒင်အပါအဝင် ပတ်သက်ဆက်နွှဲသူများကို စစ်ဆေးအရေးယူပေးရန် တိုင်ကြားထားခြင်း ဖြစ်သည်။

အဆိုပါ MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်သည် လက်ရှိတွင် စစ်တပ်နှင့် ပူးပေါင်းကာ ကိုယ် ကျိုးရှာနေသည့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ခရိုနီ အောင်မျိုးမင်းဒင်၏ အစ်ကိုအရင်းဖြစ်ပြီး ညီအစ်ကိုနှစ်ဦးစလုံးမှာ စစ်ကောင်စီနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်နေသည့် စစ်တပ်ဘက်တော်သားများ ဖြစ်ကြကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article