ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို နေရာအများအပြားတွင် ပြုလုပ်ခဲ့ကြောင်း၊ ထို နှင်းဆီလှုပ်ရှားမှုတွင် ကာကွယ်ရေးတပ်ဖွဲ့များ၊ ပညာရေး၊ ကျန်းမာရေး ဌာနများနှင့် ဒေသ ပြည်သူများသည် နေရာ ၅ နေရာတွင် မိုးပျံလေပူပေါင်းများ လွှတ်တင်ခြင်း၊ နှင်ဆီနီများ ဝေငှခြင်း၊ လှုပ်ရှား stickers နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အမှတ်တရ သစ်ပင်များစိုက်ပျိုးခြင်း နှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း နှင်းဆီကမ်ပိန်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ မွေးနေ့ရှင်အတွက် မွေးနေ့ ဆုတောင်းခြင်း၊ မွေးနေ့ရှင် အမေစုနှင့် တကွ အဖမ်းအဆီးခံ နိုင်ငံရေးအကျဥ်းသား ပြည်သူများ အားလုံး လွတ်မြောက်စေရန် ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း အမေ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားသဖြင့် ချုပ်နှောင်ဖမ်းဆီး အကျဥ်းချခံထားရသော နိုင်ငံရေး အကျဥ်းသူ၊ အကျဥ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ကြပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရှိရသည်။







