26.9 C
Yangon

ပေါက်နှင့် မင်းတပ်မြို့နယ်တို့ကို စစ်တပ်က ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်ခန့်တွင် ပေါက်မြို့နယ်အတွင်းရှိ ပျမရွာမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီးသည် စသိန်းကျေးရွာ တောင်ဘက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ အမျိုးသား ၁ ဦး ဗုံးစထိမှန်ကာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ ညနေပိုင်းလောက်မှာ ပေါက်မြို့နယ်ထဲက ပျမရွာက တက်လာတဲ့ စစ်ခွေးတွေရဲ့ ဒရုန်း ၁ စီးက စသိန်းရွာတောင်ဘက်ကို ဗုံးချသွားတာ။ ပြည်သူ အမျိုသား ၁ ဦး သေဆုံးတယ်။ နောက်ထပ် ၁ ဦးလည်း ဒဏ်ရာရတယ်” ဟု နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်း၊ ၎င်းတို့အထိုင်ချထားသည့် နယ်မြေများနှင့် ပျူစောထီးကျေးရွာများမှ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီး အသုံးပြုကာ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိ၊ လေကြောာင်းသတိဖြင့် နေထိုင်ကြရန် ဒေသတော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားသည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ဆက်လက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၃ မိနစ်ခန့်မှ ၅ နာရီ ၃၀ မိနစ်အထိ တံတားဦးလေတပ်မှ တက်လာသော Y-12 ဗုံးကျဲလေယာဉ်က မင်းတပ်မြို့အနီးဝန်းကျင်ကို ၁၁ ကြိမ်တိုင် ဗုံး ၂၆ လုံးအထိ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၈ နာရီ ၆ မိနစ်အချိန်အထိ နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး တို့ဖြင့် မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို ၈ ကြိမ်တိုင် ဗုံး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၇ မိနစ်ခန့်ကလည်း နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးကလည်း မင်းတပ်မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ပြီး အခြားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၇ နာရီအချိန်မှ ၈ နာရီ ၁၂ မိနစ်တွင်လည်း တံတားဦးလေတပ်မှ တက်လာသော Y-12 ဗုံးကျဲလေယာဉ် ၁ စီးသည် မင်းတပ်မြို့အရှေ့ဘက်ခြမ်း တစ်နေရာသို့ ၁၇ ကြိမ်တိုင် ဗုံးအလုံးရေ ၇၀ ကျော်အထိ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Photo Credit – ပန်းတိုင် ဌာနေ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article