ရန်ကုန်၊ ဇွန် ၁၉
ရန်ကုန်မြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အင်္ဂါထောင့်တွင် ဘုရားပန်း ကပ်လှူ၍ နှင်းဆီလှုပ်ရှားမှုဆင်နွှဲမှုကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်ပြည်သူများက ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အလားတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ချစ်ခြင်းမေတ္တာဖြင့် ပွင့်သောနှင်းဆီ (သို့မဟုတ်) ပြည်သူများထံမှ ပေးပို့လာသော နှင်းဆီလှုပ်ရှားမှုများကို စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တစ်နေရာတွင် ကျောင်းသူကျောင်းသားများ နှင့် General Strike Coordination Body – GSCB အဖွဲ့များက အမေစုမွေးနေ့ နှင်းဆီနီပန်းသပိတ်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မုံရွာအမြင့်လမ်း သပိတ်ကော်မတီ၏ နှင်းဆီလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ထိုပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုသည် ဒေသခံ ကျောင်းသား၊ ကျောင်း သူများ၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းကာ နိုင်ငံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် “နှင်းဆီလှုပ်ရှားမှု” ကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အခမ်းအနားအတွင်း နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆု တောင်းမေတ္တာပို့သခဲ့ကြပြီး၊ လူငယ်များ၏ အနာဂတ်နှင့် ပညာရေး၏ အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ ယနေ့ခေတ် လူငယ်များအနေဖြင့် သခင်ပညာရေးနှင့် စစ်ကျွန်ပညာရေးတို့၏ ကွာခြားချက်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်ရန် လိုအပ်ကြောင်း၊ ပညာရေး၏ အနှစ် သာရမှာ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း၊ မှန်ကန်စွာ ဝေဖန်သုံးသပ်နိုင်စွမ်းနှင့် လူသားဆန်သော တန်ဖိုးများကို မွေးမြူပေးခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး၊ ထို့ပြင် အတွေးအခေါ်အလွဲများနှင့် အာဏာရူးဝါဒများကြောင့် လက်နက်အင်အားကိုသာ အားကိုးကာ ပြည်သူလူထုအပေါ် မတရားဖိနှိပ်ရက်စက်နေသော အာဏာရှင်များ၏ အကျင့်စရိုက်များကို သင်ခန်းစာယူကြရန်၊ လူငယ်များအနေဖြင့် အသိပညာစစ်စစ်၊ အတွေးအခေါ်ကောင်းမွန်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုတို့ဖြင့် ပြည့်စုံသော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်၏ တာဝန်ယူနိုင်မည့် နိုင်ငံသားကောင်းများ ဖြစ်လာရန် လိုအပ်ကြောင်း ဆွေးနွေးမျှဝေခဲ့ကြကြောင်းသိရှိရသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲ၊ သတ္တိ၊ အမှန်တရားအပေါ် ရပ်တည်မှုနှင့် ပြည်သူအပေါ်ထားရှိသော မေတ္တာစိတ်တို့ကို ကျောင်းသားလူငယ်များအား မျှဝေခဲ့ကြပြီး၊ ၎င်း၏ အတုယူဖွယ် စကားတစ်ရပ်ဖြစ်သည့် “လွတ်လပ်မှုဆိုတာ မိမိအတွက်သာ မဟုတ်ဘူး။ အခြားသူများ၏ လွတ်လပ်မှုကိုလည်း လေးစားကာကွယ်ပေးနိုင်ခြင်း ဖြစ်တယ်။ ပညာတတ်သော လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်နိုင်သလို၊ အတွေးအခေါ်မှန်ကန်သော လူငယ်များသည် သမိုင်းကို ပြောင်းလဲနိုင်သည်” ဟူသော ယုံကြည်ချက်ဖြင့် လူငယ်များအား အသိပညာ၊ အကျင့်စာရိတ္တနှင့် တာဝန်ယူမှုစိတ်ဓာတ်များ ပြည့်ဝစေရန် တိုက်တွန်းရင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်းသိရှိရသည်။






