27.3 C
Yangon

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်တွင် အာဏာပိုင်များက အော်ပရာစီဖြင့် ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးခံရ၊ ကွာလာလမ်ပူမြို့တွင်လည်း ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများ ရန်ကုန်သို့ပြန်ပို့ခံရ

Must read

ရန်ကုန်၊ ဇွန် ၁၉

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်အတွင်း ရွှေ့ပြောင်းနိုင်ငံခြားသားများနေထိုင်သည့် နေရာများကို အာဏာပိုင်များက အော်ပရာစီဖြင့် ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် မြန်မာနိုင်ငံသား ၂၉ ဦး အပါအဝင် ၇၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဂျိုဟိုးလူဝင်မှုကြီးကြပ်ရေးအဖွဲ့သည် ဂျိုဟိုးဘာရူးမြို့ (Johor Bahru) တစ်ဝိုက်ရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ခိုအောင်းနေထိုင်သည်ဟု ယူဆရသော နေအိမ်များနှင့် ဆိုင်ခန်းများကို ပစ်မှတ်ထား၍ အော်ပရာစီ စစ်ဆင်ရေးဖြင့် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း၊ ထိုသို့ အာဏာပိုင်များ ဝင်ရောက်စီးနင်းချိန်တွင် စစ်ဆေးမှုကို တိမ်းရှောင်နိုင်ရန် ကုတင်အောက်များနှင့် အဆောက်အအုံအတွင်းရှိ ကျဉ်းမြောင်းသောနေရာများတွင် ပုန်းအောင်းနေသူများနှင့် ထွက်ပြေးရန် ကြိုးပမ်းသူများကိုလည်း ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးမှုအတွင်း တရားမဝင် မြန်မာနိုင်ငံသား ကလေးငယ် ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၉ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၂ ဦး၊ ကလေးငယ် ယောက်ျားလေး ၁ ဦး၊ မိန်းကလေး ၁ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၃၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦး စုစုပေါင်း ၇၃ ဦးတို့ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မလေးရှား အာဏာပိုင်များ၏ စစ်ဆေးချက်များအရ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၉ ဦးအပါအဝင် ၇၃ ဦးသည် တရားဝင်ခရီးသွားစာရွက်စာတမ်း (ပတ်စ်ပို့) ကိုင်ဆောင်ထားခြင်းမရှိဘဲ နေထိုင်ခြင်းနှင့် ခွင့်ပြုထားသည့် သက်တမ်းထက် ကျော်လွန်နေထိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့တွင် အသက် ၁၀ လသားအရွယ် ကလေးငယ်နှင့် အသက် ၄၀ နှစ်အရွယ်အထိ ပါဝင်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၉ ဦးအပါအဝင် ၇၃ ဦးကို မလေးရှားနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် အထောက်ထားမရှိဘဲ အလုပ်လုပ်ကိုင်မှု စသည့်ပြစ်မှုနှင့် အရေးယူနိုင်ရန် စီတီယာထရိုပီကာရှိ (Setia Tropika) လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပြီး အရေးယူမှုများပြီးစီးပါက သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်နှင်ထုတ်သွားမည်ဟု သိရှိရသည်။

ထို့ပြင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီ (Bukit Jalil) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအပါအဝင် ၄၂ ဦးကို တရားဥပဒေအရ အရေးယူမှုများ ပြီးဆုံး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၂၆ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီ (Bukit Jalil) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများနှင့် ပါကစ္စတန်နိုင်ငံသား ၄၂ ဦး (အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁၀ ဦး) ကို သက်ဆိုင်ရာနိုင်ငံများကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA) မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြန်လည်ပို့ဆောင်ရာတွင် မြန်မာနိုင်ငံသားများကို ရန်ကုန်မြို့သို့ ပျံသန်းမည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) လေယာဉ်ခရီးစဉ်နှင့် ပါကစ္စတန်နိုင်ငံသားများကို လာဟိုး (Lahore) မြို့သို့ ပျံသန်းမည့် Batik Air လေယာဉ်ခရီးစဉ် တို့ဖြင့် မလေးရှားအာဏာပိုင်များက ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article