ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ-KPSSC သည် ကလေးဒေသအတွင်းရှိ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းခြင်းမရှိသည့် ရပ်ကျေးအဆင့် ဦးဆောင်သူများ၊အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံများ၊ မိဘပြည်သူများနှင့်အတူ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၈၁ ပြည့်မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ခြင်း/နှင်းဆီလှုပ်ရှားမှုတစ်ရပ်ကို ကလေးဒေသ (ပြင်ပ) တစ်နေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါလှုပ်ရှားမှုတွင် ပါဝင်တက်ရောက်လာသည့် ဒေသခံမိဘပြည်သူများမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၈၁ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်၊ သစ်ပင်မျိုးစုံ ၈၁ ပင်စိုက်ပျိုးခဲ့ကြပြီး၊ နှင်းဆီလှုပ်ရှားမှုကိုပြုလုပ်ကာ (၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်း သားအားလုံးကို ချက်ချင်း လွှတ်ရန် (၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် (၃) မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း တောင်းဆိုမှုများကိုပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၈၁နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ခြင်း၊ နှင်းဆီလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ပြည်သူ့အားကိုအခြေခံကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ၊ စစ်ရှောင်စခန်း တစ်ခုတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပါဝင်လှုပ်ရှားခဲ့ကြောင်း သိရသည်။
ထိုပြင် စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်သပိတ်အင်အားစုနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ကျ ရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လူစည်ကားသွားလာမှုများသောနေရာ များတွင် ယနေ့ ဇွန်လ ၁၉ ရက်နေတွင် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို “နှင်းဆီလှုပ်ရှားမှုကြီး” ရဲ့ တောင်းဆိုဖော်ပြချက် (၃) ချက်ဖြစ်သော (၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်။(၂)အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်။ (၃) ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သည်သာ နိုင်ငံတော်၏ သမ္မတကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဖြစ် တို့ကို ပြည်သူလူထုတစ်ရပ်လုံး နှင့်အတူ ကျွန်ုပ်တို့က တောင်းဆိုကြောင်းသိရှိရသည်။
အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် ချီတက်ဆန္ဒပြခြင်း” ဇွန်လ ၁၉ ရက်နေ့တွင် ဒီနေ့ဟာမေတ္တာနှင့်သနားကြင်နာမှုတွေကို အမြဲယုံကြည်စွာလျှောက်လှမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့မွေးနေ့လေးပါ။ ဒေါ်အောင်ဆန်းစုကြည် ဘဝတစ် လျှောက်လုံးကရဲရင့်မှု၊ခိုင်မာမှုနှင့် ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုတွေဟာလူများစွာရဲ့ နှလုံးသားထဲမှာ အမှတ်တရ အဖြစ်ကျန်ရှိနေကြောင်းသိရှိရသည်။
ဒီနေ့မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အတွက် ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်း နှင့် အေးချမ်းတဲ့နေ့ရက်များကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ လေး နက် စွာဆုမွန်ကောင်းတောင်းပေးလိုက်ပြီး၊ “နှင်းဆီလှုပ်ရှားမှုကြီး” ရဲ့ တောင်းဆိုဖော်ပြချက် (၃) ချက်- (၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်။ (၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်။ (၃) ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သည်သာ နိုင်ငံတော်၏ သမ္မတကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဖြစ်ကြောင်းသိရှိရသည်။






