ရန်ကုန်၊ ဇွန် ၂၂
မကွေးတိုင်း၊ ချောက်မြို့နယ်၊ လမ်းပိုင်းတနေရာတွင် ဆက်ကြေးကောက်၊ ပေါ်တာဆွဲရန် ထွက်လာ သော ဂွေးပင်စခန်းမှူးပါအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စခန်းမှူးလှမိုးအောင်သေဆုံးပြီး နယ်ထိန်းတင်လင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ချောက်ပကဖ တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၄ ရက် နံနက် ၆ နာရီခန့်က ချောက်မြို့နယ်၊ ချောက် -ဂွေးပင်လမ်းပိုင်းတနေရာတွင် ပြည် သူလူထုအား မတရားဖမ်းဆီး၊ ငွေညှစ်၊ ပေါ်တာဆွဲရန် ကားဖြင့်ထွက်လာသော ဂွေးပင်စခန်းမှူး လှမိုးအောင်၊ နယ်ထိန်းတင်လင်းတို့ လိုက်ပါလာသည့် ကားကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကင်း ပုန်းဝပ်စောင့်ကြို၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ဂွေးပင်စခန်းမှူး လှမိုးအောင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နယ်ထိန်း တင်လင်းမှာ ရရှိသော ဒဏ်ရာများဖြင့် ကျောက်ပန်းတောင်းမြို့ ဆေးရုံသို့ တင်ပို့လိုက် ရကာ လက်ဖြတ်လိုက်ရသည့်အပြင် ခြေထောက်တွင်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ငွေတောင်းစရာရှိရင် ထွက်လာတာကို ကင်းပုန်းဝပ်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ၊ အခုက ကားနဲ့ ထွက်လာကို ဝိုင်းပစ်ခဲ့တာ၊ ပစ်ခတ်ရပြီးတော့ တခါတည်း မောင်းပြေးလို့ လက်နက်ခဲယမ်း၊ ကား၊ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမျိုးတော့ မရှိပါဘူး” ဟု ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ချောက်ပကဖ တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) နှင့် မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်၍ ချောက်မြို့နယ် ပကဖ တပ်ဖွဲ့ဝင်များ၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၁ ၊ တပ်ခွဲ – ၂၊ တပ်ခွဲ – ၃၊ တပ်ခွဲ – ၄၊ တပ်ခွဲ – ၅ နှင့် တပ်ခွဲ – ၆ ၊ ဧရာဒေါင်းပြည်သူ့ကာကွယ် ရေးအဖွဲ့၊ ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊Tiger Fighter Force မဟာမိတ်အဖွဲ့တို့ နှင့် အတူ တိုင်း/ခရိုင်/မြို့နယ် မဟာမိတ်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကောင်စီလက်ပါးစေများနှင့် စစ် ကြောင်းများကို တော်လှန်ရေး မဟာမိတ်များပူးပေါင်းကာ ဆက်လက်ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။





