26.9 C
Yangon

မြောင်၊ ရွှေကူမြို့နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၊ အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက် အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက် လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မြောင် မြို့နယ်၊ ငါးမြောင်တောင်ကျေးရွာနှင့် ဇရပ်ကုန်းကျေးရွာအကြား တောထဲကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချခဲ့ပြီး ရော့ကတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ငါးမြောင်တောင်ကျေးရွာနှင့် ဇရပ်ကုန်းကျေးရွာအကြား တောထဲကို ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများနှင့် နေအိမ်များထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

“ဒီနေ့နံနက် ၁၁ နာရီလောက်မှာ တံတားဦးနဲ့ မကွေးက တက်လာတဲ့ စစ်ခွေးတွေရဲ့ ဂျက်ဖိုက်တာ ၂ စီးက ငါးမြောင်တောင်ရွာနဲ့ ဇရပ်ကုန်းရွာကြား တောထဲကို ဗုံးကျဲသွားတာပါ။ မြေပြင်မှာ တိုက်ပွဲဖြစ် တာမျိုး လုံးဝမရှိဘဲ လာချတာ။ ပေါင် ၂၅၀ ခန့် ဗုံးသီး ၂လုံးနဲ့ ရော့ကဒ်တွေ အများပြားနဲ့ပါ ပစ်ခတ် သွားတာပါ။ နေအိမ်ပျက်စီးမှုနဲ့ ပြည်သူတွေ ထိခိုက်တာမရှိပါဘူး။ ပြည်သူများအနေဖြင့် စစ်ခွေး ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုဖို့ပြောချင်ပါတယ်” ဟု မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ပေါက်တောရွာကို အကြမ်းဖက် စစ် တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်လည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ တောပုန်းကျေးရွာသွားလမ်းမပေါ်၊ ပင်စက်ကုန်းဘုန်းကြီးကျောင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဇွန်လ ၂၂ ရက် ညနေ ၆ နာရီ ၃၃ မိနစ်နှင့် ၆ နာရီ ၃၆ မိနစ်တွင် မကွေးတိုင်း၊ မြိုင် မြို့နယ် မြောက်ပိုင်း တနေရာကို စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တက်လာ သော အသေခံ ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နောက်ဆက်တွဲ ထိခိုက်ပျက်စီးအခြေအနေ ကို သိရှိရခြင်းမရှိသေးကြောင်း We Love Myaing က ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ‌ လေကြောင်း၊ လက်နက် ကြီးများဖြင့် နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူး ထားကြရန် တော်လှန်ရေး အဖွဲ့အစည်းများက မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article