ရန်ကုန်၊ ဇွန် ၂၅
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်တွင် ဖမ်းဝရမ်း ထုတ်ခံထားရသော မြန်မာနိုင်ငံသား ၁ ဦးနှင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၂၅ ရက်နေ့တွင် တရားရုံး၏ ဖမ်းဝရမ်းထုတ်ခံထားရသော တရားခံပြေး အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား စောကျော်ထွန်းကို မဲဆောက်မြို့နယ်၊ ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် ထိုင်းရဲတပ်ဖွဲ့များ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စောကျော်ထွန်းကို ကူခုတ်ရဲစခန်းက ပြင်းထန်စွာနာကျင်စေမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
စောကျော်ထွန်းသည် မဲဆောက်မြို့နယ်မှ မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်ရန် ပြုလုပ်စဉ် မီနီဘတ်စ်ခရီးသည်တင်ကား ၁ စီးပေါ်တွင် ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကို ဥပဒေနှင့်အညီ ဆက်လက် အရေးယူသွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးရဲအရာရှိထံသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၂၁ ရက်နေ့က မဲဆောက်မြို့နယ်၊ ဘန်ဟွေ့ဟင်ဖွန် လုံခြုံရေးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ တရားမဝင် ဝင်ရောက်လာသူ ၄ ဦးသည် အသက် ၃၀ နှစ်မှ ၄၂ နှစ်အတွင်းရှိ အမျိုးသားများဖြစ်ကြောင်း သိရသည်။
ထိုသို့ တရားမဝင် ဝင်ရောက်လာသူ ၄ ဦးသည် ထိုင်းရဲတပ်ဖွဲ့၏ စွဲချက်အားလုံးကို ဝန်ခံထွက်ဆိုထားပြီး ပြည်နှင်ဒဏ်ပေးနိုင်ရေးအတွက် တာ့ခ်ခရိုင် လဝက၏ နိုင်ငံခြားသားထိန်းသိမ်းရေးနှင့် ပြည်နှင်ဒဏ်ပေးရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။
ထို့ပြင် နခွန်စဝမ်ခရိုင်နှင့် ဖိချစ်ခရိုင်တို့တွင်လည်း ဇွန်လ ၂၄ ရက်နေ့နှင့် ၂၁ ရက်နေ့က တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၄၀ ဦးကို ဖမ်းဆီးခဲ့သေးကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။






