26.2 C
Yangon

သထုံနှင့်မတ္တရာတို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမြွှာကိုယ်ဝန်လွယ်ထားရသော အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးသေဆုံး၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၈၀ ကျော်ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမြွှာကိုယ်ဝန်လွယ်ထားရသော အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ မှ စစ်သားများက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ပဏ္ဍိကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို လက်နက်ကြီးကျည် ထိမှန်ပြီး ပဏ္ဍိကုန်းကျေးရွာမှ ကိုငယ်၏ နေအိမ် မီးလောင်ပျက်စီးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဇင်မာစိုး (အသက် ၄၁ နှစ်) သည် လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ ဒေါ်ဇင်မာစိုးသည် ကိုယ်ဝန် ၇ လရှိသူဖြစ်ပြီး အမြွှာသမီး ၂ ဦးကို ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၁ နှစ်အရွယ် မိစနေလည်း ပွဲချင်းပြီးသေဆုံးကာ အသက် ၃၂ နှစ်အရွယ် ကိုမောင်လေး နှင့် အသက် ၅ နှစ်အရွယ် မိယွန်း တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး အပြစ်မဲ့ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း KNU က ပြောဆိုထားသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ရွာမှ စစ်သားများကလည်း အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီကျော်ခန့်မှ စတင်ပြီး မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ရွာမှ အကြမ်းဖက် စစ်သားများသည် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည်လည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဗုံး ၈၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ Y-12 လေယာဉ်ကလည်း ဗုံး ၂၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။

ထို့အတူ ယနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်ခန့်မှ စတင်ပြီး မင်းတပ်မြို့ပေါ်ကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၈ လုံး၊ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင်လည်း မင်းတပ်မြို့ အရှေ့ခြမ်းကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၄ လုံးနှင့် Y-12 လေယာဉ်က ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်သွားကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article