ရန်ကုန်၊ ဇွန် ၃၀
ကမ္ဘာတစ်ဝန်းတွင် ဉာဏ်ရည်တု (AI) နည်းပညာနှင့် အဆင့်မြင့်စက်မှုနည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး နိုင်ငံအသီးသီးက နည်းပညာစွမ်းရည်မြင့် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး အပြိုင်အဆိုင် ကြိုးပမ်းနေချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာကျောင်းသား၊ ကျောင်းသူများ၏ ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို စည်းရုံးသင်ကြားပေးရန် ညွှန်ကြားလိုက်သည်။
ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် လူငယ်များအနေဖြင့် စက်မှုနည်းပညာနှင့် နည်းပညာဆိုင်ရာ ဘာသာရပ်များကို ပိုမိုစိတ်ဝင်စားကြကြောင်း၊ သို့သော် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ မဖြစ်မနေလိုအပ်သည့် ပညာရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးပညာရပ်များကို သင်ကြားပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝရပ်တည်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်သည်ကို သိရှိနားလည်စေရန် စံနမူနာပြ လုပ်ဆောင်ပြသကြရန် မင်းအောင်လှိုင်က ဆိုသည်။
ထို့အပြင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်ကြစေရေး စည်းရုံးဆောင်ရွက်ရန် သူက ညွှန်ကြားသည်။
မင်းအောင်လှိုင်က အခြေခံပညာကျောင်းများတွင် စက်မှုနှင့် စိုက်ပျိုးမွေးမြူရေးဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး အနာဂတ်တွင် ဒေသအသီးသီးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောဆိုသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရှိပြီးဖြစ်သည့် ဒေသဆိုင်ရာ အားသာချက်များနှင့် သဘာဝအရင်းအမြစ်များကို အခြေခံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ထိထိရောက်ရောက် ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဒေသအလိုက် လိုအပ်ချက်နှင့် ကိုက်ညီစွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောကြားသည်။
လတ်တလော နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီးများတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရေးစီမံကိန်းနှင့် နို့စားနွားမွေးမြူရေး စီမံကိန်းများကို အကောင်အထည်ဖော်ရန် ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအနေဖြင့် တစ်သျှူးငှက်ပျောနှင့်နို့စားနွား စီမံချက်တွင် ပါဝင်လုပ်ကိုင်ကြရန် မင်းအောင်လှိုင်က အမိန့်ပေးညွှန်ကြားထားကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍမှာ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပြီး တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမအများအပြား CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အပြင် ကျောင်းသား၊ ကျောင်းသူ အများအပြားလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။
လက်ရှိတွင်လည်း နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျောင်းအများအပြား ပုံမှန်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ပညာရေးကဏ္ဍ ပြန်လည်နာလန်ထူရေးမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။




