27 C
Yangon

ဂန့်ဂေါမြို့နယ် ၊လယ်မရွာတွင် တော်လှန်ရေးရဲဘော်များနှင့် အရပ်သားပြည်သူများကို အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ပျူစောထီးတစ်ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဇူလိုင် ၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လယ်မရွာတွင် တော်လှန်ရေးရဲဘော်များနှင့် အ ရပ်သားများကို အစု လိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူ ပျူစောထီးတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Black Dragon Force (အထူးလှုပ်ရှားတပ်ဖွဲ့) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဂန့်ဂေါမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တစ်နေရာသို့ ထွက်လာသော ပျူစောထီးခေါင်းဆောင် ဖိုးဇော်၏ တပည့်ဖြစ်သူ မောင်ချစ်စနိုးကို (ခ) မဲကြီးကို Black Dragon Force တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြို့ပြင်ကို မျှားခေါ်ပြီး မြို့ပြင်‌အရောက် တက်လုံးပြီး ဖမ်းဆီးခဲ့တာပါ၊ သူ ၁ ဦးထဲ ပါပဲ။ လက်ရှိ သူ့ကို တပ်ကပဲ ထိန်းသိမ်းထားပါတယ်။ တရားဥပဒေအရပဲ အရေးယူသွားမှာပါ”ဟု Black Dragon Force အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖမ်းဆီးခံရသူ ချစ်စနိုးကို (ခ) မဲကြီးသည် ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ ဂန့်ဂေါမြို့နယ် လယ်မရွာတွင် ကလေးငယ် ၄ ဦးအပါအဝင် အရပ်သားနှင့် တော်လှန်ရေးရဲဘော် စုစုပေါင်း ၁၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု Black Dragon Force က ပြေ ာသည်။

အဆိုပါ ဖမ်းဆီးရရှိသော ပျူစောထီးကို စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းက လယ်မရွာစီးနင်းမှု၌ စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၉၀ ခန့် ပါဝင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် သူလည်း ပါဝင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။

“လယ်မကို ဝင်တုန်းက အင်အား ၉၀ လောက်နဲ့ ဝင်တာပါ။ အဲဒီမှာလည်း တော်လှန်ရေးရဲဘော်တွေ သတ်ခဲ့တယ်” ဟု ပျူစောထီး ချစ်စနိုးကို (ခ) မဲကြီးက ထွက်ဆိုထားသည်။

ထို့အပြင် ၎င်းသည် ဂန့်ဂေါမြို့အဝင်ရှိ “We Love Gangaw” စစ်ဆေးရေးဂိတ်တွင် သုံးလခန့် ကင်းတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရေမျက်နီကျေးရွာဘက်သို့ ရိက္ခာပို့သည့် စစ်ကြောင်းများတွင်လည်း လိုက်ပါခဲ့ဖူးကြောင်း ထွက်ဆိုထားသည်။

“ရေမျက်နီဘက်ကို စစ်ကြောင်းနဲ့ တစ်ခေါက်လိုက်ဖူးတယ်။ ရဲတွေရော စစ်သားတွေရော အများကြီးပါတယ်။ အင်အားက ခန့်မှန်း ၈၉ ယောက်လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့အတွက် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ရရှိခဲ့သည့် လစာငွေများနှင့်ပတ်သက်၍လည်း စစ်ဆေးမေးမြန်းရာ ပထမပိုင်းတွင် တစ်လလျှင် ငွေကျပ် ၁ သိန်းခွဲ ရရှိခဲ့ပြီး၊ နောက်ပိုင်း တပ်ဖွဲ့ပြောင်းလဲလာချိန်တွင် တစ်လလျှင် ငွေကျပ် ၂ သိန်းအထိ ရရှိခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။

“အစပိုင်းမှာ တစ်လကို တစ်သိန်းခွဲပေးတယ်။ နောက်ပိုင်း ၅၀ တပ်လာထိုင်တော့ တစ်လကို နှစ်သိန်းပေးတယ်” ဟု ၎င်းက ထွက်ဆိုသည်။

ဖမ်းဆီးရရှိထား​သော ချစ်စနိုးကို (ခ) မဲကြီးသည် ဂန့်ဂေါမြို့ ၊ ကျောတိုက်ရပ် ကွက်တွင် နေထိုင်သူဖြစ်ပြီး ဖခင်မှာ ဦးသန်းထွေးဖြစ်ကြောင်း၊ ၎င်းနေထိုင်ရာ ရပ်ကွက်တွင်လည်း ပျူစောထီးအဖွဲ့ဝင် ၄ ဦးခန့်ရှိကြောင်းနှင့် အခြားပျူစောထီးအဖွဲ့ဝင်များ၏ အမည်များကိုလည်း စစ်ဆေးမေးမြန်းမှုအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

Black Dragon Force က ဖမ်းဆီးရမိထားသည့် ချစ်စနိုးကို (ခ) မဲကြီးကို လက်ရှိတွင် ကောင်း မွန်စွာ ထိန်းသိမ်းထားပြီး လယ်မရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ၎င်းပါဝင်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အသေးစိတ် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article