ရန်ကုန်၊ ဇူလိုင် ၆
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချာရပ်စ် (Cheras) နယ်မြေရှိ တာမန်မာလူရီ (Taman Maluri) ညဈေးတွင် အာဏာပိုင်များက အော်ပရာစီ စစ်ဆင်ရေးဖြင့် ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား များ အပါအဝင် တရားမဝင် နိုင်ငံခြားသားလုပ်သမား ၂၀၀ ဦး ဖမ်းဆီးခဲ့ကြောင်း ကွာလာလမ်ပူလူ ဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။
ဇူလိုင်လ ၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကွာလာလမ်ပူမြို့၊ ချာရပ်စ် (Cheras) နယ်မြေရှိ တာမန် မာလူရီ (Taman Maluri) ညဈေးကို ၂ ပတ်ကြာ လျှို့ ဝှက်ထောက်လှမ်းပြီး လူဝင်မှုကြီးကြပ်ရေး ဌာန အရာရှိများနှင့် ကွာလာလမ်ပူမြို့ စည်ပင်သာယာရေးအဖွဲ့ (DBKL) တို့ ပူးပေါင်း၍ အော်ပရာစီ စီမံချက်ဖြင့် အင်အားအများပြားသုံးကာ ရှောင်တခင် ဝင်ရောက်စီးနင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများအတွင်း ညဈေးပတ်ဝန်းကျင်ရှိ နိုင်ငံခြားသား ၄၀၇ ဦးနှင့် မလေးရှားနိုင်ငံသား ၉၃ ဦး အပါအဝင် စုစုပေါင်း ၅၀၀ ဦးကို စစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်ထား သည့် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၀၀ ဦး (အမျိုးသား ၁၂၅ ဦးနှင့် အ မျိုးသမီး ၇၅ ဦး) တို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသူ ၂၀၀ ဦးတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ တရုတ်၊ ပါကစ္စ တန်နှင့် အိန္ဒိယနိုင်ငံသားများ ပါဝင်ကြောင်း၊ ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံအတွင်း နေထိုင် ရန် တရားဝင်ဗီဇာနှင့် အထောက်အထားစာရွက်စာတမ်း မရှိခြင်း၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင် ခြင်း၊ အလည်ဗီဇာနှင့် အလုပ်ပါမစ်ကို အလွဲသုံးစားလုပ်ခြင်း စသည့် လူဝင်မှုကြီးကြပ်ရေး စည်းကမ်း ချက် များကို ချိုးဖောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန် ထားသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာအပါအဝင် နိုင်ငံခြားသား ၂၀၀ ဦးကို ဂျာလန်ဒူတာ (Jalan Duta) ရှိ ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးချုပ်သို့ ခေါ်ဆောင်သွားပြီး အသေးစိတ် စိ စစ်မှုများ ပြုလုပ်နေကြောင်း၊ ဥပဒေချိုးဖောက်ထားသည်ဟု အတည်ပြုနိုင်သူများကိုမူ ဆက်လက် အရေးယူရန်အတွက် ဘူကစ်ဂျာလစ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (Depot Imigresen Bukit Jalil) သို့ ပို့ဆောင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရှိ ပီကန်နီနပ်စ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ၁၃၀ ဦးအပါအဝင် နိုင်ငံခြားသား ၂၇၀ ဦးကို သက် ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် ဂျိုဟိုးပြည်နယ်ရှိ ပီကန်နီနပ်စ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စ ခန်းအတွင်း ထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် နိုင်ငံစုံတရားမဝင် ရွှေ့ပြောင်း လုပ်သမား ၂၇၀ ဦးကို ကွာလာလမ်ပူမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပါဆီဂူဒန်း (Pasir Gudang) ရေကြောင်းဆိပ်ကမ်းတို့မှ သက်ဆိုင်ရာနိုင်ငံများသို့ ပြလည်ပို့ဆောင်လိုက်ကြောင်း သိရှိရ သည်။
နေရပ်ပြန်ပို့ခံရသည့် တရားမဝင် ရွှေ့ပြောင်း အလုပ်သမား ၂၇၀ ဦးတွင် မြန်မာနိုင်ငံသား ၁၃၀ ဦးဖြင့် အရေအတွက် အများဆုံးပါဝင်ပြီး ကျန်ရှိသူများမှာ အင်ဒိုနီးရှားနိုင်ငံသား ၉၈ ဦး၊ ထိုင်းနိုင်ငံသား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦး၊ နီပေါနိုင်ငံသား ၈ ဦး၊ ဗီယက်နမ်နိုင်ငံသား ၆ ဦးနှင့် သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံသား ၁ ဦးစီ ပါဝင်ကြောင်း သိရသည်။
လက်ရှိချိန်တွင် နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသား ၁၃၀ ဦးအပါအဝင် နိုင်ငံခြားသား ၂၇၀ ဦးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ကွန်ပျူတာစနစ်အတွင်း နာမည်ပျက်စာရင်းသွင်းကာ မလေး ရှားနိုင်ငံအတွင်းသို့ မည်သည့်အကြောင်းဖြင့်ဖြစ်စေ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း အသိပေးထားသည်။






