ရန်ကုန်၊ ဇူလိုင် ၉
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ် ညှင်းပန်းနှိပ်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ဖော်ပြောကြားပြီး ကျူးလွန်သူများ တာဝန်ခံမှုရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို အမြန်ဆုံးကာကွယ်ပေးရန် တောင်းဆိုလိုက်သည်။
PPNM ၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ကျိုက်မရောအကျဉ်းထောင် အမျိုးသားအိပ်ဆောင် (၃) မှ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုဟိန်းဇော်အောင် (ခ) Black Pink၊ ကိုဝေယံလင်း (ခ) ကုလားနှင့် ကိုဝင်းမင်းထွန်း (ခ) သားငယ်လေးတို့ကို CCTV မှတ်တမ်းတွင် ဘုရားစင်ဘက်သို့ ခြေထောက်ပေးထားသည်ဟု စွပ်စွဲကာ တစ်ဦးချင်း သီးသန့်တိုက်ပိတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို တိုက်ပိတ်ထားစဉ်အတွင်း ရိုက်နှက်ခြင်း၊ နေပူထဲတွင် အချိန်ကြာမြင့်စွာ ပုံစံမောင်းစေခြင်းစသည့် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့်အပြင် စောင်၊ အခင်းနှင့် အခြေခံအသုံးအဆောင်ပစ္စည်းများကိုပင် အသုံးပြုခွင့်မပေးဘဲ အချိန်အကန့်အသတ်မရှိ ချုပ်နှောင်ထားပြီး ယနေ့အထိ ပုံမှန်အဆောင်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးကြောင်း PPNM က ဆိုသည်။
ထို့ပြင် အိပ်ဆောင် (၃) သို့ ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားအသစ်များကိုလည်း အလုပ်ဘုတ်ကိုင်သူ သူရိန်ပြည့်ဖြိုးက မိလ္လာသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတင်းအကျပ် ဖိအားပေးခိုင်းစေလျက်ရှိကြောင်း သိရသည်။
PPNM ၏ အဆိုအရ ကျိုက်မရောအကျဉ်းထောင်ပိုင် ချမ်းအေးကျော်က ထောင်ဝန်ထမ်းများအား “ရိုက်သာရိုက်၊ တစ်ခုခုဖြစ်ရင် ငါရှင်းပေးမယ်” ဟု ညွှန်ကြားထားပြီး မွန်ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးကလည်း “အကျဉ်းသားတွေသေရင် စာရွက်တစ်ရွက်ပဲ ကုန်တယ်” ဟု ပြောဆိုကာ အကျဉ်းသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် ပြောဆိုမှုများ ပြုလုပ်နေကြောင်း ထုတ်ဖော်ထားသည်။
“ကျိုက်မရောအကျဉ်းထောင်မှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့ အခြေခံလူ့အခွင့်အရေးတွေကိုလည်း အမြန်ဆုံး အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
PPNM က ကျိုက်မရောအကျဉ်းထောင်အတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး ကျူးလွန်သူများ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုက်အဝန်းထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။




