25.1 C
Yangon

မော်လမြိုင်ကျွန်းတွင် ဧည့်စာရင်းစစ်မည်ဟု ကိုဇင်မင်းထက်ကို ခေါ်ယူကာ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်၊ ဘီးလင်း၊ သထုံနှင့် ကော့ကရိတ်တွင်လည်း လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၉

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသခံလူငယ်တစ်ဦးဖြစ်သည့် ကိုဇင်မင်းထက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးရန်ဟု အကြောင်းပြကာ နေအိမ်မှ ခေါ်ဆောင်သွားပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၅ သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြတ်သာကျေးရွာအုပ်စု၊ အရှေ့ဇီးဖြူကျေးရွာတွင် နေထိုင်သည့် ကိုဇင်မင်းထက်၏ နေအိမ်သို့ ကျေးရွာအုပ်ချုပ်ရေးမှူး သက်ပိုင်နှင့် မြတ်သာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၅ ဦးခန့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေးရန် ခဏလိုက်ခဲ့ရန် ပြောဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကိုဇင်မင်းထက်ကို ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၅ သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဧည့်စာရင်းစစ်မယ်ဆိုပြီး ခေါ်သွားတာပါ။ ပြန်မလွှတ်တော့ဘဲ စစ်မှုထမ်းသင်တန်းထဲ တန်းပို့လိုက်တာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဒေသခံများ၏ အဆိုအရ ကျေးရွာအုပ်ချုပ်ရေးမှူး သက်ပိုင်သည် စစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖော်သည့် အပတ်စဉ် ၄ မှ ၂၅ အထိ စစ်မှုထမ်းအကျုံးဝင်သူများထံမှ တစ်ဦးလျှင် ငွေကျပ် ၄၀,၀၀၀ နှင့် အသက်အရွယ်အရ စစ်မှုထမ်းအကျုံးမဝင်သည့် အိမ်ထောင်စုများထံမှ ငွေကျပ် ၁၅,၀၀၀ စီ ကောက်ခံခဲ့ကြောင်း သိရသည်။

သို့သော် ထိုသို့ ငွေကြေးကောက်ခံထားသော်လည်း ကိုဇင်မင်းထက်ကို စစ်မှုထမ်းအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး စစ်မှုထမ်းရန် ခေါ်ယူခံရသည့် လူငယ်များအား ငွေကြေးထောက်ပံ့မှုများ မပေးဘဲ ကောက်ခံထားသည့် ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာထဲမှာ စစ်မှုထမ်းကြေးဆိုပြီး အိမ်တိုင်းလိုလိုကနေ ငွေကောက်ထားပေမယ့် လူငယ်တွေကိုတော့ မကာကွယ်ပေးနိုင်ဘူး။ ဧည့်စာရင်းစစ်မယ်ဆိုပြီး ခေါ်သွားတာက ပြန်မလာတော့ဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် သက်ဆိုင်ရာအဖွဲ့များက စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေပြီး အိမ်ထောင်စုတစ်စုအတွင်းရှိ အမျိုးသားများကို တစ်ဦးမကျန် ခေါ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

သထုံမြို့အပြင်ဘက်ဒေသများတွင်လည်း လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်နေကြောင်း၊ ဆိုင်ကယ်ဖြင့် လူနှစ်ဦးစီး သွားလာသူများကို စစ်ဆေးဖမ်းဆီးပြီး စစ်မှုထမ်းရန် ပို့ဆောင်မှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင်လည်း ရက်ပိုင်းအတွင်း လူငယ် ၁၇ ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုဆိုရင် ဒေသတော်တော်များများမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းပြီး စစ်မှုထမ်းသင်တန်းတွေထဲ ပို့နေပါတယ်။ ဧည့်စာရင်းစစ်မယ်ဆိုပြီး ခေါ်တာ၊ လမ်းမှာစစ်ဆေးဖမ်းတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းတာတွေ နေရာစုံမှာ ဖြစ်နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဒေသခံများ၏ ပြောကြားချက်များအရ စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်းမှုသည် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အပါအဝင် ဒေသအများအပြားတွင် ပိုမိုကျယ်ပြန့်လာနေပြီး ဧည့်စာရင်းစစ်ဆေးခြင်း၊ လမ်းပေါ်စစ်ဆေးခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခြင်း စသည့် နည်းလမ်းများဖြင့် လူငယ်များကို စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်နေသဖြင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article