ရန်ကုန်၊ ဩဂုတ် ၆
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်း၊ စဉ့်ငူရပ်ကွက်၊ န၀ရတ် ၄ လမ်း တွင် နေထိုင်သည့် NLD ရပ်/ကျေးအတွင်းရေးမှူး ဦးလှဖေနှင့်ဇနီး၊ သားနှင့် ချွေးမတို့ကို စစ်တပ်က ဩဂုတ်လ ၄ ရက်နေ့တွင် အကြမ်းဖက် ဖမ်းဆီးသွားပြီး ရွှေ၊ငွေ အပါအဝင် သိန်း ၇၀၀ ဝန်းကျင် တန်ဖိုးရှိ ပစ္စည်းများကို လုယက် သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ဦးလှဖေနှင့်ဇနီး၊သားနှင့် ချွေးမတို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဦးလှဖေက ရပ်/ကျေး NLD အတွင်းရေးမှူးပါ။ အဲဒါ သူ့အိမ်ကို စစ်တပ်က DC ၆စီးခန့်နဲ့ ဝင်စီးနင်းပြီး ဖမ်းတယ်။ ဦးလှဖေ လင်မယား အပါအဝင် သားနဲ့ချွေးမ တို့လည်း အဖမ်းခံရတယ်။ နေအိမ်မှာရှိတဲ့ ဆန်၊ ဆီဆား၊ ရွှေ၊ ငွေ တန်ဖိုးရှိတာ အကုန် စစ်တပ်က မသွားတယ်။ နေအိမ်ကိုလည်း ချိတ်ပိတ်မယ်တဲ့” ဟု ဒေသ ခံတစ်ဦးက ပြေဆိုသည်။
အလားတူ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ စက္ကူစက်ရုံခွဲ(ပလိပ်)တွင် ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်း စက်ရုံမှူး၏ သတင်းပေးတိုင်ကြားမှုဖြင့် CDM ဝန်ထမ်း ၂၄ ဦးအဖမ်းခံရကြောင်း၊ အဆိုပါစက်ရုံတွင် CDM ဝန်ထမ်း ၇၅ ဦးရှိပြီး ဖမ်းဆီး မှုကြောင့် CDM ဝန်ထမ်းအားလုံး ထွက်ပြေးနေရကြောင်း၊ ဖမ်းမိသော CDM ဝန်ထမ်းများကို စစ်တပ်က ငွေကျပ် သိန်းဆယ်ချီပေးလျှင် ပြန်လွှတ် ပေးမည်ဟု ငွေညှစ်နေကြောင်း သိရှိရသည်။
“စက္ကူစက်ရုံဝမ်ထမ်းအိမ်ရာတွေမှာ မှီခိုနေထိုင်နေတဲ့CDM အလုပ်သမား ကျား ၁၃၊ မ ၁၁ ယောက်အဖမ်းခံလိုက်ရပါတယ်။ စစ်တပ်ကို သတင်းပေးပြီး ဖမ်းခိုင်းတာက စက်ရုံမှူးကိုယ်တိုင်ပါ။ စက်ရုံမှာက CDM ဝန်ထမ်း ၇၅ ယောက် ရှိတာမို့ ကျန်တဲ့သူတွေပါ အိုးအိမ်စွန့်ပြီးထွက်ပြေးနေကြရပါတယ်။ အဖမ်းခံရသူတွေကို စစ်တပ်က သိန်းဆယ်ဂဏန်းနဲ့လာရွေးဖို့ပြောသွားပါတယ်။ စဥ့်ကိုင်မြို့နယ်ထဲမှာ စစ်တပ်က ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး ပြီးငွေနဲ့ရွေးခိုင်းတာတွေမကြာခဏလုပ်လေ့ရှိပါတယ်” ဟု စဉ့်ကိုင်မြို့နယ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဓာတ်ပုံ- အင်းစိန်မြို့နယ်၊ အောင်ဆန်း၊ စဉ့်ငူရပ်ကွက်၊ န၀ရတ် ၄ လမ်း တွင် နေထိုင်သည့် NLD ရပ်/ကျေးအတွင်းရေးမှူး ဦးလှဖေ၏ နေအိမ်ကို စစ်တပ်က လုယက်ဖျက်ဆီးထားစဉ်။



