31 C
Yangon

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချပေးနေသည့် နိုင်ငံများအနေဖြင့် လက် နက် တင်ပို့ရောင်းချမှုများ ရပ်တန့်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ကြီး ဦးကျော်မိုးထွန်းတောင်းဆို

Must read

ရန်ကုန်၊ ဩဂုတ် ၆

အကြမ်းဖက် မြန်မာစစ်တပ်သို့ လက်နက်ရောင်းချပေးနေသည့် နိုင်ငံများ အနေ ဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ၏ တိုက် တွန်း ချက်အတိုင်း လက်နက်တင်ပို့ရောင်းချမှုများ ရပ်တန့်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ ဩဂုတ်လ ၄ ရက်နေ့ နျူကလီး ယား လက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်မှုများ ပြန်လည် သုံးသပ်ရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညီလာခံ အထွေထွေ မူဝါဒ ရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

သံအမတ်ကြီးက ကုလသမဂ္ဂညီလာခံတွင် ထည့်သွင်း ပြောဆို သည့် အချက် များတွင်

(က) ယခုညီလာခံသည် နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ပါ အချက် များအား အဖွဲ့ဝင်နိုင်ငံ များ၏ လိုက်နာဆောင်ရွက်မှုများ၊ ကတိကဝတ် များအပေါ် အမြင်ချင်းဖလှယ်နိုင်ရုံမျှမက နျူကလီးယား လက်နက် ဖျက်သိမ်း ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုများ နှစ်ဆမြှင့်တင်ဆောင်ရွက် နိုင်ရေး အတွက် အခွင့်အရေးပင်ဖြစ်ကြောင်း၊ ကတိကဝတ်များနှင့် သဘောတူညီချက် များမှ လက်တွေ့လုပ်ဆောင်မှုများ အဖြစ်သို့ ပြောင်းလဲနိုင်ရေးမှာလည်း အရေးကြီးကြောင်း၊

(ခ) ယနေ့ကမ္ဘာ့နေရာအနှံ့အပြားတွင် နျူးကလီးယားလက်နက် (၂၇,၀၀၀) အထိ တည်ရှိနေပြီး ဆက်လက် ထုတ်လုပ်မှုများလည်းရှိရာ ပြယုဂ်အဖြစ် ဖြစ်စေ (သို့မဟုတ်) အသုံးပြုရန်ဖြစ်စေ ယင်းလက်နက်များ တည်ရှိနေခြင်းမှာ မိမိတို့၏ လူနေမှုဘဝများအား ဖျက်ဆီးရန်အတွက်ဖြစ်ကြောင်း၊ နျူကလီးယား လက်နက်အန္တရာယ်သည် ယင်းတစ်ခုတည်းမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်၊ လူသားချင်းစာနာမှု၊ စီးပွားရေး အကြပ်အတည်းနှင့် ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍများစွာတွင် နောက်ဆက်တွဲဘေးအန္တရာယ်များ ဖြစ်ပွားလာမည်ဖြစ်ကြောင်း၊

(ဂ) နျူးကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) သည် နျူးကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် အလွန်အရေးပါသည့် စာချုပ်တစ်ခုဖြစ်ရာ စာချုပ်ပါ ကတိကဝတ်များနှင့် ပြီးခဲ့သည့်ညီလာခံ၏ အဆုံးအဖြတ်များအား လိုက်နာရမည့် တာဝန်ရှိသည့် အားလျော်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးအား တိုက်တွန်းကြောင်း၊ နျူကလီးယား လက်နက်ပိုင်ဆိုင်ခြင်းမရှိသည့် အဖွဲ့ဝင်နိုင်ငံများမှ ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းစွာ အသုံးပြုရေးမဏ္ဍိုင်အား အကောင်အထည်ဖော်ရေး အားစိုက်ကြိုးပမ်းနေချိန်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့်နိုင်ငံများမှ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် လိုက်လျောညီစွာ လိုက်ပါဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊

(ဃ) နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် International Atomic Energy Agency, IAEA ၏ ညွှန်ကြားချက်များအား အပြည့်အဝလိုက်နာရန် လိုအပ်ရာ မြန်မာနိုင်ငံအနေဖြင့် ယင်းအား ဆက်လက်ထောက်ကူသွားမည်ဖြစ်ကြောင်း၊ မည်သည့်ပုံစံမျိုးမဆို၊ မည်သည့်နေရာ၊ မည်သည့်အချိန်နှင့် မည်သူတစ်ဦးတစ်ယောက်က နျူကလီးယားအသုံးပြုတိုက်ခိုက်ခြင်းအား မြန်မာနိုင်ငံ အနေဖြင့် ရှုံ့ချကြောင်း၊ ထို့ပြင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်တင်မှု အရေအတွက်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး ယင်းအစီအစဉ်သည် ဒေသတွင်းလုံခြုံရေးနှင့် သန်းပေါင်းများစွာသော မြောက်ကိုရီးယား ပြည်သူများ၏ နေထိုင်မှုအတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေးကို ဦးတည်၍ ဒီပီအာကေအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းပါ အချက်များအား အပြည့်အဝလိုက်နာဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊

(င) ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် NPT သည် အဓိကကျသည့် အရာအဖြစ် သတ်မှတ်ထားသည့်အတိုင်း နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (Treaty on the Prohibition of Nuclear Weapons, TPNW) သည် (NPT) ၏ အပိုဒ် (၄) ပါအချက်များကို အကောင်အထည်ဖော်ခြင်း ဖြစ်သည့်အတွက် လက်နက်ဖျက်သိမ်းရေးစံနှုန်းများ ပိုမိုအားကောင်းစေမည်ဟု ယုံကြည်ကြောင်း၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် Comprehensive Nuclear Test Ban Treaty အာဏာသက်ဝင်လာရေးသည် နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်ရာ ယင်းစာချုပ်သို့ ပါဝင်လက်မှတ်မထိုးရသေးသည့် နိုင်ငံများ အထူးသဖြင့် စာချုပ်နောက်ဆက်တွဲ အပိုင်း (၂) ပါ နိုင်ငံများ အမြန်ဆုံးအတည်ပြုလက်မှတ်ရေးထိုးကြရန် တောင်းဆိုကြောင်း၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်းဇုန်များသည် (NPT) ၏ အပိုဒ် (၇) ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အားကောင်းစေသည့်အချက်အဖြစ် ယုံကြည်ကြောင်း၊ သို့ဖြစ်၍ ယင်းကင်းမဲ့ဇုန်များမရှိသေးသည့် ဒေသများတွင် ဆက်လက်ထူထောင်ရေးကို အားပေးကြောင်းနှင့် လက်ရှိရှိပြီးဖြစ်သည့်ဇုန်များ ပိုမိုအားကောင်းစေရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

(စ) မြန်မာနိုင်ငံသည် လွန်ခဲ့သော (၅) နှစ်အရပ်သားအစိုးရလက်ထက်အတွင်း၌ စစ်တပ်မှ ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခဲ့သော်လည်း အရပ်သားအစိုးရအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက် ခဲ့ကြောင်း၊ Convention on Nuclear Safety နှင့် Convention on the Physical Protection of Nuclear Materials သို့ ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ CTBT သို့ ၂၀၁၇ ခုနှစ်တွင် လည်းကောင်း အတည်ပြုလက်မှတ်ထိုးခဲ့ကြောင်း၊ TPNW အား ၂၀၁၈ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေးတို့နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများများစွာ ကျင်းပပြုလုပ် ခဲ့ကြောင်း၊ သို့ရာတွင် ယင်းကြိုးပမ်းဆောင်ရွက်မှုများအားလုံးမှာ စစ်တပ်မှ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ခြိမ်းခြောက်ခံရမှုအဖြစ် ရှိနေကြောင်း၊ စစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်း ရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့သည်ကို သမိုင်းတွင် ပြန်ကြည့်နိုင်ကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရ၏ TPNW အား အတည်ပြု ပါဝင်ရေး ကြိုးပမ်းမှုမှာလည်း ထိခိုက်ခဲ့ရကြောင်း၊ တရားမဝင် အာဏာသိမ်းစစ်တပ်မှ နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ယခင်ကအရပ်သားအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ဖျက်ဆီးခြင်း မပြုနိုင်ရန်အလို့ငှာ တရားမဝင်စစ်တပ်အား နိုင်ငံတကာအသိုင်းအဝိုင်းမှ စောင့်ကြည့်ပေးရန် တိုက်တွန်းကြောင်း၊

(ဆ) ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ၏ တိုက် တွန်း ချက်အတိုင်း မြန်မာစစ်တပ်သို့ လက်နက်ရောင်းချပေးနေသည့် နိုင်ငံများ အနေဖြင့် လက်နက်တင်ပို့ရောင်းချမှုများ ရပ်တန့်ပေးရန် တောင်း ဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွား ရေးဆိုင်ရာ ကတိကဝတ်များအား ဆက်လက်၍ အပြည့်အဝလိုက်နာ ဆောင်ရွက်သွားမည်ကို ထပ်လောင်းပြောကြား လိုပါကြောင်း၊ နျူကလီးယားကင်းစင်သည့် ကမ္ဘာကြီးတည်ထောင်ရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုညီလာခံမှ ကောင်းမွန်သည့် ရလဒ်ကောင်းများ ထွက်ပေါ်သည်အထိ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းကြရန် အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုကြောင်း

၎င်း၏ မိန့်ခွန်းတွင် သံအမတ်ကြီးက ထည့်သွင်းပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article