ရန်ကုန်၊ သြဂုတ် ၁၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲရွာအနီးတွင် စစ်ကား ၁၄ စီးပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် ပုလောမှ ထားဝယ်သို့ ဦးတည် ထွက်ခွာလာစဥ် ကျားရိုင်းပြောက်ကြားတပ်ဖွဲ့နှင့် ကစယ်ဒိုကျား၊ ဖယ်ဒရယ်စစ်ကြောင်းတို့ပူးပေါင်းတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ထားဝယ်-ပုလောကားလမ်းကို အသုံးပြုပြီး တပ်သားများ ရွေ့ပြောင်းခြင်း၊ရိက္ခာ လက်နက် ခဲယမ်းများ ပို့ဆောင်ခြင်းတို့ကို ဆက်တိုက် ပြုလုပ်လာနေပြီး ထားဝယ် ၂၅ တပ်ရင်းတွင်လည်း တပ်အင်အား တိုးချဲ့မှုများ ပြုလုပ်နေကြောင်း သိရသည်။