31 C
Yangon

KNU တပ်မဟာ ၃ စီမံအုပ်ချုပ်နယ်မြေ မုန်းမြို့နယ်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး၊ ရေဦးမြို့နယ် ကွမ်းအုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင်သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်ရင်း ၈ ကြား ဩဂုတ်လ ၅ ရက်၊ ၆ ရက်နှင့် ၁၀ ရက်တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ဒဏ်ရာရသူများရှိကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

မုန်းမြို့နယ်၊ တယ်ပေါနှင့် ကရင်မြက်ရဲကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်ရင်း ၈ ကြား ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီနှင့် ၁၀ နာရီ ၁၀ မိနစ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးကာ ဒဏ်ရာရသူများရှိကြောင်း KNU က ထုတ်ပြန်သည်။

ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တွင်လည်း ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာခံဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KNLA ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ရေဦးမြို့နယ်၊ ကွမ်းအုံရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၇ နာရီ ၅၀ မိနစ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းများဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၀ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

အင်အား ၁၂၀ ခန့်ရှိသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ချမ်းသာရွာတွင် ညအိပ်ပြီးနောက် ကွမ်းအုံရွာဘက်သို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကာ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ၇ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်မုတ်ဆိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်ကို ဗိုလ်မုတ်ဆိတ်အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း၂၄ FRFတပ်ဖွဲ့၊DRPA၊ ရွှေဘိုခရိုင်တပ်ရင်း ၉၊‌ ရွှေဘိုခရိုင်တပ်ရင်း ၁၁နှင့် အခြားမဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article