26 C
Yangon

CDM စစ်သားများကို PDF များက သတ်ပစ်သည်ဟု အကြမ်းဖက်စစ်တပ်က တပ်တွင်း၌ သတင်းအမှားများ ဖြန့်နေကြောင်း CDM တပ်ကြပ် စိုးလင်းအောင် ဝန်ခံ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ တော်လှန်ရေးတပ်ဖွဲ့များ၊ PDF များနှင့် ပူးပေါင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်သားများကို PDF များက သတ်ပစ်သည်ဟု တပ်တွင်း၌ သတင်းအမှားဖြန့်နေကြောင်း၊ တပ်သားများ နောက်ထပ် CDM မလုပ်အောင် ခြောက်လှန့်နေခြင်းဖြစ်ကြောင်း ဩဂုတ်လ ၈ ရက်နေ့တွင် သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂ တပ်ရင်းထံ CDM ဝင်လာသည့် တပ်ကြပ် စိုးလင်းအောင်က ဝန်ခံပြောကြားသည်။

ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ ၁ တပ်ရင်းမှ တပ်ကြပ် စိုးလင်းအောင်သည် စစ်သက် ၂၈ နှစ်ကျော်ရှိသူဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့၌ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂ တပ်ရင်းထံ လက်နက်နှင့်တကွ CDM ပြုလုပ်လာခဲ့သူဖြစ်သည်။

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ လက်နက်နှင့်တကွ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေတွင် ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်လာသော အမတ ၄၀၂ တပ်ရင်းမှ တပ်သားထွန်းထွန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကိုယူကာ လူကို သတ်ပစ်လိုက်ပြီဟု အကြမ်းဖက်စစ်တပ်တွင်း၌ သတင်းမှားဖြန့်ကြောင်း ထပ်မံ CDM ပြုလုပ်လာသည့် တပ်ကြပ် စိုးလင်းအောင်က ဝန်ခံ ထွက်ဆိုသည်။

“တပ်သားထွန်းထွန်း သေနတ်နဲ့ CDM လုပ်သွားတာ သေနတ်ကိုယူပြီး လူကို ပစ်သတ်လိုက်တယ်လို့ အွန်လိုင်းပေါ်မှာတွေ့တယ်၊ ဆက်သွယ်ရေးစက်ထဲမှာလည်း ကြေးနန်းဝင်လာတယ်။ အဲလိုဆိုတော့ တပ်ထဲမှာရှိတဲ့ နောက်လူတွေက မဝင်ချင်ကြတော့ဘူး၊ မလာချင်ကြတော့ဘူး။ မလာချင်ဘူးဆိုတာ သတ်ခံရမှာကြောက်ပြီးတော့ သူတို့ မလာကြဘူး။ လိုင်းပေါ်မှာ တပ်မတော် အာမီက တင်ထားတဲ့ မဟုတ်တဲ့သတင်းတွေကို သတင်းအမှားတွေကို နောက်မှာရှိတဲ့စစ်သည်တွေက နားထောင်ပြီးတော့ ကြောက်နေကြတာ၊ လန့်နေကြတာ” ဟု တပ်ကြပ် စိုးလင်းအောင်က ပြောဆိုသည်။

CDM တပ်သား ထွန်းထွန်းကို PDF များက သတ်လိုက်ပြီဟု စစ်ကောင်စီက တပ်တွင်း၌ သတင်းအမှားဖြန့်နေသောကြောင့် သထုံခရိုင် PDF အမှတ် ၂ တပ်ရင်းက ၎င်း CDM စစ်သား ၂ ဦး တွေ့ဆုံသည့် ဗီဒီယိုကို ယနေ့ထုတ်ပြန်သည်။

ဗီဒီယိုတွင် တပ်သား ၂ ဦးက CDM ပြုလုပ်လာခဲ့သည့်အတွေ့အကြုံများ၊ တပ်တွင်း၌ သတင်းအမှား ဖြန့်ဝေနေမှုများ ပြောဆိုပြီး နှစ်ဦး တွေ့ဆုံရခြင်းကို ဝမ်းသာကြောင်း ပြောဆိုကြသည်။

ခမရ ၁ မှ တပ်ကြပ် စိုးလင်းအောင်သည်လည်း လက်နက်နှင့်တကွ CDM ပြုလုပ်ခဲ့သူဖြစ်ကာ လက်နက်များကို KNU တပ်မဟာ ၁၊ တပ်ရင်း ၂ ထံ အပ်နှံခဲ့ပြီး KNU က ဆုကြေးငွေ ချီးမြှင့်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article