ရန်ကုန်၊ ဩဂုတ် ၁၃
တနင်္သာရီတိုင်းမှာ ဒီဇယ်ဆီပြတ်လပ်နေလို့ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ လျှပ်စစ်မီး အလှည့်ကျစနစ်နဲ့ပဲ ပေးဝေနိုင်တော့မယ်လို့ ဖိုးသီးချိုမီးလင်းရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီဇယ်ဆီလက်ကျန်နဲ့ ထပ်မံရရှိမယ့်ဒီဇယ်ဆီပေါ်မူတည်ပြီး ပုလောမြို့၊ ပလောက်မြို့၊ ပလမြို့ ၊တနင်္သာရီမြို့ နဲ့တခြားဆက်စပ်ကျေးရွာတွေမှာ အလှည့်ကျပဲမီးရရှိတော့မှာပါ။
ပုလောမြို့ပေါ်မှာတော့ ဒီနေ့ကစပြီး လျှပ်စစ်မီးအချိန်ပိုင်းပဲရရှိတော့တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
” ဒီနေ့မနက် ၄ နာရီမီးလာပြီး နေ့လည်၁၂နာရီမီးပြတ်သွားတယ်။ ညနေ ၄နာရီမှပြန်လာမှာပါ။ မီတာခကိုလည်းစျေးကြီးပေးထားရတော့ မီးမှန်စေချင်တယ်” လို့ပုလောမြို့ခံတစ်ဦးကပြောပါတယ်။
ပုလောမြို့နယ်မှာ ဇူလိုင်လအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်စျေး ၁၀၄၀ ကျပ်ဖြစ်ပြီး တနင်္သာရီမြို့နယ်မှာ ဇူလိုင်လအတွက် တစ်ယူနစ်စျေး ၁၁၄၀ကျပ်ဖြစ်ပါတယ်။
ကုမ္မဏီဘက်ကတော့ ဒီအခြေအနေမျိုးမဖြစ်လာစေဖို့ အရင်ကတည်းက ဒီဇယ်ဆီတွေကြိုတင်သိုလှောင်ထားခဲ့ပေမယ့် အခုအခါမှာ ဒီဇယ်ဆီရရှိမှု အလျှင်မမီတော့လို့ အခုလိုဖြစ်သွားရတာလို့ဆိုပါတယ်။
ဒီဇယ်ဆီ ပုံမှန် ပြန်လည်ရရှိရင် ၂၄ နာရီပုံမှန်လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်အောင်ကြိုးစားသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)