ရန်ကုန်၊ သြဂုတ် ၁၃
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PRA)နှင့် အကြမ်းဖက် စစ်တပ်တို့ ဇူလိုင်လ ၁၃ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂၆ ဦးသေဆုံးခဲ့ကြောင်း PRA တပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ဂျပန်က ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပုလဲမြို့နယ် အင်မထီးရွာတွင် တပ်စွဲထားပြီး ထွက်ခွာလာသော စစ်သားနှင့် ပျူစောထီး ၈၀ ခန့်ကို အင်မထီးရွာနှင့် သာယာကုန်းရွာအကြားတွင် PRA တပ်ဖွဲ့နှင့် ဒေါင်းညိုအဖွဲ့က အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပုလဲမြို့မှ ထွက်ခွာလာသည့် အင်အား ၃၀၀ ခန့်ဝန်းကျင်ရှိ စစ်တပ် စစ်ကြောင်း ၃ ကြောင်းမှ မြိုင်မြို့နယ် ကျောက်ဆောင်းရွာအနီး ရောက်ရှိလာသော စစ်ကြောင်း ၁ ကြောင်းကို PRA တပ်ဖွဲ့မှ မိုင်းအလုံး ၂၀ ခန့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် ပုလဲမြို့နယ် ဝမ်းပြင်ရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို PRA တပ်ဖွဲ့က ချောင်းမြောင်း ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် ပုလဲမြို့ အင်မထီးရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၂၀ ခန့်သည် အင်မထီးရွာအနောက်ဘက် တောတိုက် အသွားလမ်းတွင် PRA တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် ပုလဲမြို့နယ် အင်မထီးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၄၀ ဦးခန့်သည် ကျေးရွာများကို ဝင်ရောက် မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ရန် လာရောက်စဥ် PRA တပ်ဖွဲ့က အင်မထီးရွာနှင့် သာယာကုန်းရွာ အကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးကာ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အင်မထီးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၁၀၀ ခန့်သည် အင်မထီးရွာမှ ထွက်ခွာလာစဥ် သပြေကုန်းရွာအနီးတွင် PRA တပ်ဖွဲ့မှ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် အင်မထီးရွာ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို နံနက် ၅ နာရီမှ ၈ နာရီ တစ်ကြိမ်၊ ညနေ ၅ နာရီမှ ၆ နာရီ ၃၀ မိနစ်ထိ တစ်ကြိမ် PRA၊ ကျားသစ်နက်၊ ဒေါင်းညိုနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။