28 C
Yangon

မန္တလေး DENKO စက်သုံးဆီဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစ်စီး ထိမှန်၊ ရန်ကုန်တိုင်းမြို့နယ်များတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ခင်စောမူကွေ့ရှိ DENKO ဆီဆိုင်တွင် ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ကားတစ်စီး ထိမှန်သွားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်း ခင်စောမူကွေ့ရှိ DENKO ဓာတ်ဆီအရောင်းဆိုင်ကို ယနေ့ သြဂုတ် ၁၃ ရက် ညနေ ၅ နာရီကျော်အချိန် လက်ပစ်ဗုံးဖြင့် ထု သတိပေးခဲ့ကြောင်း မန္တလေးမြို့ပြပြောက်ကျား MDY-PDF က သတင်း ထုတ်ပြန်သည်။

“ဆိုင်များ ပိတ်ရန် ထုတ်ပြန်ခဲ့ပြီးချိန် နှစ်နာရီကျော်သည်အထိ မပိတ်သော ဆိုင်အားလုံးကို သတိပေးလိုက်ခြင်း ဖြစ်သည်။ ပြည်သူများ မထိခိုက်စေရန် လွတ်သောနေရာသို့ ပစ်ပေးခဲ့သည် “ ဟု MDY-PDF က သတင်းထုတ်ပြန် သည်။

မန္တလေးမြို့ရှိ ဓာတ်ဆီဆိုင်များ အနေဖြင့် တန်းစီစနစ်နှင့် စက်သုံးဆီ ရောင်းချမှုများကို ရပ်နားပြီး အချိန် ၅ နာရီအတွင်း ပြည်သူများကို ဆီအလုံအလောက် ရောင်းပေးရန် မန္တလေးမြို့ပြပြောက်ကျား MDY-PDF အဖွဲ့က ယနေ့ သတိ ပေးချက် ထုတ်ပြန်ပြီးထားသော်လည်း DENKO ဆီဆိုင်က လိုက်နာခြင်းမရှိဘဲ တန်းစီစနစ်ဖြင့်သာ ဆီများကို အလုံ အလောက် မရောင်းချပေးသည့်အတွက် သတိ ပေး ဖောက်ခွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီလက်ဝေခံ ဆီဆိုင်အချို့သည် စက်သုံးဆီ မရှိ ဆိုသော အကြောင်းပြချက်ဖြင့် ဆိုင်များပိတ်ထားကြပြီး အဆိုပါ ဆီဆိုင်များ ပြန် လည် ဖွင့်လှစ်ရန်နှင့် ဆီဈေးကွက်ကို လက်ဝါးကြီးအုပ် ဈေးကစားနေသည့် စစ်ကောင်စီ ဒေါက်တိုင်ဆိုင်များကို သတိပေးကြောင်း MDY-PDF က ထုတ်ပြန် ပြောဆိုထားသည်။

အလားတူ ည ၆နာရီ၃၅ မိနစ်ခန့်အချိန် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာတွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရကြောင်း၊ မြောက်ဒဂုံ တွင် ယနေ့ ည နေ ၅ နာရီ ၁၈ မိနစ်အချိန်တွင်လည်းကောင်း၊

တောင်ဒဂုံမြိုနယ် တစ်နေရာတွင် ယနေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင်လည်းကောင်း၊ ရွှေပြည်သာမြိုနယ် တစ်နေရာတွင် ယနေ့ည ၈ နာရီကျော်အချိန်တွင်လည်းကောင်း ၊ သာကေတ တွင် ယနေ့ ည ၈ နာရီ ၁၁ မိနစ်အချိန်တွင်လည်းကောင်း ဗုံးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေး DENKO ဓာတ်ဆီဆိုင် ဗုံးပေါက်ကွဲမှုတွင် ထိမှန်သော ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article