29 C
Yangon

စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ ပြင်ပဆီစျေးကွက် ကြီးထွားနေပြီး ဓာတ်ဆီ 92 တစ်လီတာ ငွေကျပ် တစ်သောင်းကျော်အထိ နယ်မြို့ကြီးများတွင် စျေးပေါက်

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

မြန်မာနိုင်ငံတွင် စစ်ကောင်စီက စက်သုံးဆီတင်သွင်းမှုများအတွက် အမေရိကန်ဒေါ်လာကို လိုသလောက်‌ ရောင်းမပေးတော့သဖြင့် စက်သုံးဆီတင်သွင်းမှုများ အခက်အခဲကြုံတွေ့ကာ စက်သုံးဆီပြတ်လပ်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြင်ပ စက်သုံးဆီစျေးကွက်မှာလည်း ကြီးထွားလာနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများရှိ ဒေါ်လာ ငွေကြေးများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၁၈၅၀ ကျပ်ဖြင့် သိမ်းယူလိုက်ပြီး ဒေါ်လာသုံးစွဲမှုများကို ထိန်းချုပ်ခဲ့ကြောင်း၊ စစ်ကောင်စီ နိုင်ငံခြားငွေ သုံးစွဲမှု ကြီးကြပ်ရေးအဖွဲ့က သွင်းကုန်အတွက်‌ ဒေါ်လာများကို စိစစ်၍ ပြန်လည် ချပေးနေရာ ယခုအခါ စက်သုံးဆီ လုပ်ငန်းရှင်များအတွက် စက်သုံးဆီတင်သွင်းရန် ဒေါ်လာ လိုသလောက် ရောင်းမပေးတော့ကြောင်း၊ စက်သုံးဆီ တင်သွင်းသူများမှာလည်း ဒေါ်လာမရှိ၍ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“စက်သုံးဆီ ပြတ်လပ်တယ်ဆိုတာ ဆီတင်သွင်းသူတွေမှာ ဒေါ်လာ မရှိတာ။ ရှိတဲ့ဒေါ်လာတွေကို ၁၈၅၀ နဲ့ စကစ က အကုန်သိမ်းသွားတာ။ စကစ က အခု တစ်ဒေါ်လာ ၂၁၀၀ ပြန်ရောင်းပေးမယ့် လိုသလောက် မပေးဘူး။ မပေးတော့ အပြင်က ဒေါ်လာ ဝယ်ပြီးတော့လည်း ဆီတင်သွင်းလို့မရဘူး။ မကိုက်ဘူး။ အခုက အပြင်မှာ တစ်ဒေါ်လာ ၃၀၀၀ ရောက်နေပြီ။ ဆီပြတ်တယ်ဆိုတာ ကိုယ့်မှာ ဝယ်ဖို့ ငွေမရှိတာ။ ငွေရှိရင် ငွေချေလိုက်ရင် ဆီသင်္ဘောတွေ ရောက်လာမှာပဲ။ ကျနော်တို့က ပြင်ပဒေါ်လာ ဝယ်ပြီး စက်သုံးဆီတင်သွင်းရင် စျေးနှုန်းကို ကုန်ကျစရိတ်နဲ့ချိန်ပြီး ကြိုက်သလို ရောင်းခွင့်ပေးရင် သွင်းတာပေါ့။ အခုက စျေးနှုန်းက ကော်မတီက သတ်မှတ်တဲ့စျေးနှုန်းနဲ့ပဲ ရောင်းရတာ” ဟု စက်သုံးဆီတင်သွင်းသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စက်သုံးဆီစျေးနှုန်းများသည် 92 တစ်လီတာလျှင် ကျပ် ၂၃၂၀ မှ ၂၈၅၅ အထိ နေရာအလိုက် စစ်တပ်၊ စက်သုံးဆီ‌ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားပြီး ယင်းစျေးနှုန်းဖြင့်သာ တစ်နိုင်ငံလုံး တပြေးညီ ရောင်းချရခြင်းဖြစ်သည်။

စက်သုံးဆီ ပြတ်လပ်နေသဖြင့် ဆီပြင်ပစျေးကွက်ပေါ်ထွန်းလာပြီး အဆိုပါ ပြင်ပစျေးကွက်တွင် ဓာတ်ဆီ 92 တစ်လီတာ နေရာဒေသကိုလိုက်၍ ငွေကျပ် ၅၀၀၀ မှ တစ်သောင်းကျော်အထိ စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

“ဆီသွားတိုးပြီး ဆီရောင်းမလားဆိုပြီး လာကောက်တယ်။ တစ်လီတာကို ၃၅၀၀ ပေးတယ်။ မရောင်းနိုင်ဘူး။ ဆီကောက်တဲ့သူတွေမေးကြည့်တော့ အပြင်မှာ ၄၀၀၀၊ လောက်နဲ့ ပြန်ရောင်းတယ်ပြောတယ်။ တချို့နေရာတွေလည်း တစ်ဘူး ၅၀၀၀ လောက်ရောင်းတာတွေ့တယ်” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

ပဲခူးဒေသခံတစ်ဦးကလည်း ပဲခူးတွင် ရေသန့်ဘူးများဖြင့် ရောင်းချသည့် ပြင်ပ ဆီဆိုင်လေးများ ပေါ်ထွန်းနေပြီး တစ်ဘူးလျှင် ငွေကျပ် ၃၅၀၀ မှ ၆၀၀၀ အကြား ရောင်းချသည်ဟု ပြောဆိုသည်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်မူ ဓာတ်ဆီ 92 တစ်လီတာ ငွေကျပ် ၁၀၀၀၀ ကျော်အထိ ပြောဆိုရောင်းချမှု များရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆီဆိုင်တစ်ခုတွင် ဓာတ်ဆီ မရတော့ကြောင်း ရေးသားထားစဉ်။

Photo-FB

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article