30 C
Yangon

တောင်ကိုရီးယား နိုင်ငံရှိ မြို့ ၁၅ မြို့တွင် NUG အစိုးရနှင့် တော်လှန်ရေး အင်အားစုများ ရန်ပုံငွေ ရရှိရေး One Day Challenge လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ သြဂုတ် ၁၄

တောင်ကိုရီးယားနိုင်ငံရှိ မြို့ ၁၅ မြို့တွင် နွေဦးတော်လှန်ရေးအတွက် တစ်လလျှင် တစ်ရက်စာ ဝင်ငွေကို လစဉ်ထည့်ဝင်သည့် “ငါ့နိုင်ငံတွက် ငါ့တစ်ရက် One Day Challenge” စီမံကိန်းကို ယမန်နှစ် ဇူလိုင်လက စတင်ခဲ့ရာ တစ်နှစ်တာအတွင်း မင်ဘာဝင် ၁၈၀၀ ကျော်၏ လစဉ် ထည့်ဝင်ငွေများဖြင့် NUG-MoPFI သို့ ဒေါ်လာ တစ်သန်းနှင့် PDF များသို့ ဝမ်သိန်း တစ်ထောင်ခန့် ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေး၏ အဓိကကျသော ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ရေး လုပ်ငန်းစဉ်များအနက် NUG-MoPFI သို့ တိုက်ရိုက်ပေးပို့သည့် One Day Challenge စီမံကိန်း တစ်နှစ်ပြည့်မြောက်ချိန်တွင် ကိုရီးယား နိုင်ငံလုံးနှံ့ လှုပ်ရှားမှုကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက ယနေ့ ဩဂုတ်လ ၁၄ တွင် ပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင်လအထိ ODC အပါအဝင် အရပ်ရပ်ရရှိသော ရန်ပုံငွေများဖြင့် NUG သို့ ဒေါ်လာ တစ်သန်း၊ PDF များသို့ ဝမ်သိန်း ၉၈၀ ကျော်နှင့် ကျပ်သိန်း ၁၃၀၀ ခန့်၊ CDM, CRPH နှင့် စစ်ဘေးရှောင်များသို့ ဝမ်သိန်း ၂၄၀၀ ခန့်နှင့် ကျပ်သိန်း ၉၉၀၀ ကျော် ပေးပို့ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို တောင်ကိုရီးယားနိုင်ငံရှိ အင်ချွန်း၊ ဘူဖျောင်း၊ ဂင်ဖို၊ ဖိုချောန်၊ အန်ဆန်း၊ ရှီဟွန်း၊ ဆူဝမ်၊ ဖျောင်းထက်၊ ဘာရန်း၊ ဂျောင်ဂီဒို ဂွမ်ဂျူး၊ ချွန်နန်း၊ ဂွမ်ဂျူး၊ ဒယ်ဂူး၊ ဂင်မဲ၊ ဘူဆန် စသည့် ၁၅ မြို့တွင် မြန်မာနိုင်ငံသားများ စုံစည်းရပ်ဝန်း နေရာ ၂၂ ခု၌ One Day Challenge လှုပ်ရှားမှုကို တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ODC မင်ဘာဝင်များကို ၎င်းတို့၏ ထည့်ဝင်ငွေ ပမာဏအတိုင်း ၆ လလျှင် တစ်ကြိမ် “အခွန်ခံစားခွင့် ဂုဏ်ပြုလက်မှတ်”များ ထုတ်ပေးလျက်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ၁၂ လတိုင်တိုင် ရန်ပုံငွေ ထည့်ဝင်သူများကို စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး နွေဦးတွင်ပါဝင်သော “ထောက်ပံ့ရေးနိုင်ငံ့သားကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းများကို ချီးမြှင့်ရာ ပထမအသုတ်တွင် မင်ဘာ ၃၂၀ အတွက် ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။

ယနေ့ ပြုလုပ်မည့် ဝမ်းဒေးချဲလင့်ကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ လှုပ်ရှားမည် ဖြစ်ပြီး၊ မင်ဘာအသစ် ဝင်လိုသူများကို ကြိုဆိုဖိတ်ခေါ်ခြင်း၊ မင်ဘာဝင်များနှင့် ဆွေးနွေးတွေ့ဆုံခြင်း၊ ODC လုပ်ငန်းစဉ်အကြောင်း ရှင်းလင်းခြင်းတို့ ပါဝင်မည် ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)၏ One Day Challenge နှင့် စပ်လျဉ်း၍ ဝန်ကြီး ဦးတင်ထွန်းနိုင်က “ငါ့နိုင်ငံအတွက် ငါ့တစ်ရက် ကိုရီးယားမြေမှ မြန်မာ့စစ်သည်တော် ၁၈၀၀ ကျော်ရဲ့ ခမ်းနားတဲ့ စွမ်းပကား တစ်နှစ်တာအတွင်း ဒေါ်လာ (၁)သန်း၊ ဝမ် သိန်း (၁၀၀၀) အထိ နွေဦးအောင်ပွဲအတွက် ထောက်ပံ့ကူညီရင်း အာဏာရှင်အတွက် အိပ်မက်ဆိုး ဖြစ်စေခဲ့ပြီ” ဟူ၍ မှတ်ချက်စကား ရေးသားထားသည်။

ယနေ့ လှုပ်ရှားမှုတွင် NUG Bonds နှင့် EOD (Inya View 6.5) ရှယ်ယာများကိုလည်း ရောင်းချပေးမည်ဖြစ်ကာ ODC စီမံကိန်းကို တော်လှန်ရေး အောင်မြင်သည်အထိ အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article