ရန်ကုန်၊ သြဂုတ် ၁၄
မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ကန်ကျေးရွာနှင့် မြှောင်းဦးရွာချင်းတံတားအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယနေ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း နတ်ဆိုးတပ်ဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် စစ်အင်အား ၃၀ ခန့်ပါသော စစ်ကြောင်းသည် နယ် မြေရှင်းလင်းရေး ခေါင်းစဉ် ရောက်ရှိလာစဉ် နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့က ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း နတ်ဆိုး တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမှ ရွှေဘိုသို့ ထွက်ခွာလာသော စစ်ကား ၄ စီးပါ ယာဉ်တန်းကို သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၂၈ မိနစ်နှင့် ၃၁ မိနစ်ခန့်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ခင်ဦးလမ်းဆုံအနီးတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Shwe Bo Defense Force တပ်ဖွဲ့ထံမှ သိရှိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကား ၄ စီး၏ ဒုတိယမြောက်ကားနှင့် နောက်ဆုံးကားကို Shwe Bo Defense Force တပ်ဖွဲ့နှင့် King Peacock Defense Force (ဒေါင်းရာဇာ ကာကွယ်ရေးအဖွဲ့)တို့က မိုင်း ၈ လုံးဖြင့် ၂ ကြိမ် ဖောက်ခွဲ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားလမ်းပိုင်းသည် SBDF မိုင်းအဖွဲ့များ၊ မဟာမိတ် တပ်ဖွဲ့များ လှုပ်ရှားမှု ရှိသောကြောင့် ပြည်သူများ အနေဖြင့် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခြင်း မပြုရန် SBDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း။ (ပုံအဟောင်းဖြစ်သည်)
Photo- Agency