ရန်ကုန်၊ ဩဂုတ် ၂၁
ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ တငူးဆိုဒေသရှိ အကြမ်းဖက်စစ်တပ်၏ ခြေကုပ်စခန်း ပွိုင့် ၅၃၅၀ စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မီးရှို့ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တငူးဆို စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဗျူဟာမြောက် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်သားများ စခန်းမှ ဆုတ်ခွာသွားသဖြင့် စခန်းကို မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကရင်နီတပ်မတော် သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် ရှားတောမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားသည်။
တငူးဆို စခန်းကို ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၁၂၊ ၁၄၊ ၁၇ တို့ ပူးပေါင်းတိုက်ခိုက်ရှင်းလင်းခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှားတောမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်၏ ကြားစခန်းအပါအဝင် စခန်း ၈ ခုကို သိမ်းပိုက်နိုင်ကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ – ရှားတော၊ တငူးဆိုဒေသရှိ ပွိုင့် ၅၃၅၀ စခန်းကို ကရင်နီတပ်ဖွဲ့ မီးရှို့ရှင်းလင်းစဉ်