ရန်ကုန်၊ သြဂုတ် ၂၆
မကွေးတိုင်း ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော ရဲစခန်းဝင်းနှင့် စီးပွားရေးဘဏ်ဝင်းကို ထီးလင်း YDF ပူးပေါင်းတပ်ဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း YDF (ထီးလင်း) တပ်ဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် (တောင်) ရဲစခန်းဝင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူပျိုဆောင်ရှေ့တွင် လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကာ ရဲ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စီးပွားရေးဘဏ်ဝင်း အတွင်းသို့ လက်နက်ကြီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော နေရာကို YDF (ထီးလင်း) တပ်ရင်း၇၊ ၈ နှင့် ပေါက်တောင်ပိုင်း တွေ့မရှောင်ပျောက်ကျားတပ်မှ နည်းပညာဆိုင်ရာပူးပေါင်းမှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။