28 C
Yangon

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီထောက်ခံသူများ၊ သတင်းပေး၊ ပျူစောထီးနှင့် Non CDM ဝန်ထမ်း များ ပစ်ခတ်ခံရပြီး ၁၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီထောက်ခံသူများ၊ သတင်းပေး၊ ပျူစောထီးနှင့် Non CDM ဝန်ထမ်း များ ပစ်ခတ်ခံရပြီး ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။

လှိုင်သာယာတွင် ပျူစောထီးခေါင်းဆောင် ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံး

လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ ပျူစောထီးခေါင်း ဆောင် လူမိုက်ဇော်လင်းကို ယနေ့တွင် Mother Son Yangon Force နှင့် Tigers Five မြို့ပြ ပျောက်ကျား တပ်ဖွဲ့က ပူးပေါင်း ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

“လှိုင်သာယာ ၃ရပ်ကွက် လူမိုက်ပျူခေါင်းဆောင် ဇော်လင်းကို ဒီနေ့ ညနေ ၄နာရီခန့်မှာ သေနတ်နဲ့ ကျနော်တို့ရဲဘော်တွေက ပစ်ခတ်ခဲ့ပါတယ်။ ၂ ချက်နဲ့ ပွဲချင်းပြီးပါတယ်။ သူက ဒလန်ဖြစ်တဲ့ လူမိုက် ပျူစောထီးခေါင်းဆောင်ပါ” ဟု Mother Son Yangon Forceမှ ဗိုလ်နိုင်က ပြောဆိုသည်။

ဒလတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်တွင် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ စိုးမင်းဦး နှင့် အပေါင်းအပါ သေနတ်ဖြင့်ပစ်ခံရပြီး စိုးမင်းဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်၌ ရွှေညောင်ပင်လက်ဖက်ရည်ဆိုင်တွင်း အနီးကပ်ပစ်ခတ်ခံရပြီး “စိုးမင်းဦး” နေရာတွင် သေဆုံးကြောင်း၊ စစ်တပ်သတင်းပေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအတွက် ၎င်းတို့က ပါဝင်အလုပ် လုပ်နေကြသူများ ဖြစ်ကြောင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူများကို ဖမ်းဆီးရာတွင် ပါဝင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

အရာတော်တွင် မြို့နယ် စည်ပင်အရာရှိ သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် မြို့နယ်စည်ပင် ဦးစီးအရာရှိ ဒေါ်ဝါဝါဆွေ သည် သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ ဓားဖြင့် အထိုးခံရခြင်းတို့ကြောင်း သေဆုံးသွားကြောင်း ၊ သြဂုတ် ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် အရာတော်မြို့ အမှတ် ၁ အောင်မင်္ဂလာရပ်ကွက်၊ မြိုရေပေးဝေရေး စက်ရုံအနီးတွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။.

ရေဖြူတွင် PDF နှင့် CDM သတင်းစုံစမ်းသူ နော်ဂွါးနှင့် ဒလန်ဟုစွပ်စွဲခံရသူများ သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြိုနယ်၊ဧကနိရွာတွင် နေထိုင်သည့် ကိုနော်ဂွါးသည် ကျေးရွာများတွင် PDFနှင့် CDM သတင်းလိုက်လံစုံစမ်းရင်း ဩဂုတ်လ ၂၅ ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ သြဂုတ် ၂၇ ရက်နေ့ ည ၈ နာရီကျော်ခန့်အချိန်၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊ပုဂေါဇွန်းရွာ ဖက်ဆစ်တပ်သတင်းပေးဒလန်ဟုနာမည်ထွက်နေသူ စောမင်းထွေး ၊ ရဲမြင့်ဦး နှစ်ဦးကို လက်နက်ကိုင်အဖွဲ့စည်းတစ်ခုက သေနတ်ဖြင့်လာရောက် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

ကလေးခရိုင် တိ/မွေးကုဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဆရာဝန် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သည့် ခရိုင်တိရစ္ဆာန်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဝင်း သြဂုတ် ၂၇ ရက် ညနေပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှ ရာအိမ်မှူး သေနတ်ပစ်ခံရပြီး သေဆုံး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ရာအိမ်မှူး စန်းမောင်ဟာ ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အင်းတော်မှ ပျူစောထီး သင်တန်းမှူး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာကျေးရွာနေ ဝန်းသို (၁၁၁)တပ်မှ အငြိမ်းစားစစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းမှူး မောင်နိုင်သည် ဩဂုတ်လ ၂၉ ရက်နေ့ ဗန်းမောက်ဘက်မှ အင်းတော်ဘက်သို့ ဆင်းလာသည့် စစ်ကြောင်းကို သွားကြိုပြီး အပြန်လမ်းတွင် အင်းတော်မြို့နယ် နယ်မြေရှင်းလင်းရေးအဖွဲ့များက ဖမ်းဆီး ရှင်းလင်းလိုက်ကြောင်း အင်းတော်ဒေသသတင်းရင်းမြစ်က သတင်းထုတ်ပြန်သည်။

မိုင်းရယ်မှ ဓာတ်ဆီဆိုင် ပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြိုနယ်၊ အမှတ် (၁) ရပ်ကွက်ရှိ 909 ပန့်ဆီဆိုင်ပိုင်ရှင် အောင်အောင်ကို ဩဂုတ် လ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် သေနတ်သမားတစ်ဦး ဆီဆိုင်အတွင်းဝင်ရောက်၍ ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့နယ်၊ စီတီးရပ်ကွက် ဥက္ကဋ္ဌ ကျော်နိုင် အသတ်ခံရ

စစ်ကိုင်းမြို့ စီတီး ရပ်ကွက်၏ စစ်ကောင်စီကခန့်ထားသော ဥက္ကဌကျော်နိုင်ကို ယနေ့ နံနက်ပိုင်းတွင် သေနတ်သမား တချို့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

” ရယက ဥက္ကဋ္ဌ လုပ်နေတဲ့ ကျော်နိုင်က လူ့ ချဉ်ဖတ် အတော်ဆိုးသွမ်းတဲ့သူ။ သေ သွားတော့လည်း ရပ်ကွက်ပြည်သူတွေ ဝမ်းသာကြတာပေါ့။ ဧည့်စာရင်းကြေး တွေ မတန်တဆတောင်း၊ အကြောင်းအမျိုးမျိုးပြ ငွေကောက်။ လူတကာကို လိုက်ခြိမ်းခြောက်နေတာ။ သေတာ နောက်ကျတယ်ဗျ” ဟု ရပ်ကွက်ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော လှိုင်သာယာ ၃ ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင် လူမိုက်ဇော်လင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article