ရန်ကုန်၊ စက်တင်ဘာ ၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သင့်သည်ကျေးရွာကို စစ်တပ်က စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းပြီး ကျေးရွာသား ကိုကြည်မင်းနိုင်ကို သတ်ဖြတ်ကာ ရွာကိုလည်း မီးရှို့သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာကို ဝင်ရောက်စီးနင်းကြောင်း ၊ ကျေးရွာသာ ကိုကြည်မင်းနိုင် အဖမ်းခံလိုက်ရပြီး စစ်တပ်က သတ်ဖြတ်ကာ ကိုကြည်မင်းနိုင်၏ အလောင်းကို ရေထဲသို့ ပစ်ချသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ဒီနေ့ ရေစကြိုမြို့နယ် သင့်သည်ရွာကို စစ်တပ်က ဝင်စီးတယ်။ ရွာသား ကိုကြည်မင်းနိုင် အဖမ်းခံရပြီး လက်ပြန် ကြိုး တုပ်ပြီး တစ်လမ်းလုံး ရိုက်သတ်တယ်။ အလောင်းကို ရေထဲ ပစ်ချသွားတယ်။ ရွာကိုလည်း မီးရှို့သွားတယ်။ တန် ဖိုးရှိတဲ့ ပစ္စည်းတွေ၊ ဝက်နွားတွေ အကုန်တင်ပြီး ယူသွားကြတယ်” ဟု သင့်သည်ကျေးရွာဒေသခံတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးသွားသော သင့်သည်ကျေးရွာတွင် အိမ်ခြေ ၃၅၀ ကျော်ရှိပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၃၀ ကျော်ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။