25 C
Yangon

တစ်ဒေါ်လာ ၄၅၀၀ ကျပ် စျေးပေါက်မှု လေပတ်ကားကြောင့်ဟု ဒုဝန်ကြီး ညွန့်အောင် အပြစ်ဖို့ ၊ ဒေါ်လာစျေး မတက်ရေး ကာကွယ်ကြရန် စီးပွားရေးသမားတိုင်း တာဝန်ရှိဟု ဗိုလ်မှူးချုပ် ရန်နိုင်စိုး ဖိအားပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာ့စီးပွားရေးစျေးကွက်တွင် အမရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ် ရောက်ရှိမှုသည် လေပတ်ကား ရောင်းဝယ်သူများကြောင့်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီ ညွန့်အောင်က စီးပွားရေးသမားကို ခေါ် ယူ တွေ့ဆုံ ဖိအားပေးသည့်ပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့ တစ်ဒေါ်လာ ၄၅၀၀ ကျပ်နှင့် ရွှေစျေး ၃၈ သိန်းအထိ အမြင့်ဆုံးရောက်ရှိချိန်တွင် စီးပွား ရေးသမားများကို ဗဟိုဘဏ်၊ စီးပွား/ကူးသန်းဒုဝန်ကြီး၊ ကုန်စျေးနှုန်းထိန်းသိမ်းရေးကော်မတီမှ ဗိုလ်မှူးချုပ် ရန်နိုင်စိုးက ခေါ်ယူတွေ့ဆုံ ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြပြီး ယင်းတွေ့ဆုံပွဲတွင် ၎င်းတို့က ဒေါ်လာတန်ဖိုးမြင့်တက်မှုသည် စီးပွားရေးသမားများနှင့် လေပတ်ကားရောင်းဝယ်သူများကြောင့် အဓိက ဖြစ်သည်ဟု ပြောဆိုကြခြင်းဖြစ်သည်။

“တစ်ဒေါ်လာကို ၄၅၀၀ အထိ ဆွဲတင်တာ လေပတ်ကားတွေပေါ့။ ဒါကြောင့်မို့လို့ ဒါက မဖြစ်သင့်ဘူး။ ဒါက မရိုးမသား နိုင်ငံရေးတိုက်ကွက်ဆိုတာမျိုး စီးပွား/ကူသန်း ဒုဝန်ကြီး ပြောသွားတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ စီးပွားရေးသမားတစ်ဦးက ပြောသည်။

ယင်းအပြင် ကုန်စျေးနှုန်းထိန်းသိမ်းရေး ကော်မတီမှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နိုင်စိုးကလည်း ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းသည် မရိုးမသား လုပ်ဆောင်မှုဟု ပြောဆိုပြီး စီးပွားရေးသမားများသည် နိုင်ငံ၏ ဒေါက်တိုင်များဖြစ်ကြောင်း၊ ဒေါ်လာတန်ဖိုးမတက်အောင် စီးပွားရေးသမားများက ကာကွယ်ကြရမည်ဖြစ်ကြောင်း ပြောဆိုပြန်သည်။

“ဒေါ်လာ တန်ဖိုးတက်တာက ရိုးရိုးသားသားလား၊ မရိုးမသားလား မေးခွန်းထုတ်တယ်။ ရည်ရွယ်နဲ့ စျေးကစားတာလား မေးခွန်းထုတ်တယ်။ ဒေါ်လာတန်ဖိုးက ဖြစ်သင့်တာထက် ပိုမြင့်နေတယ်။ သူတို့ကတော့ တည်ငြိမ်အောင် ဆောင်ရွက်နေတယ်။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ စီးပွားရေးသမားက ကိုယ်ကျိုးစီးပွားအတွက် လုပ်နေပေမယ့် ကိုယ်ပိုင်စီးပွားရေးပေမယ့် အခုက နိုင်ငံအကျိုးစီးပွားဖြစ်တယ်။ လက်ရှိ အစိုးရ ဒေါက်တိုင်ဖြစ်တယ်။ စက်သုံးဆီ မပြတ်ရေး လုပ်ရမယ်။ ဒေါ်လာတန်ဖိုး မတက်အောင် စီးပွားရေးသမားတိုင်းက ကာကွယ်ရဖို့ တာဝန်ရှိတယ်လို့ ဗိုလ်မှူးချုပ်ရန်နိုင်စိုးက ပြောတယ်” ဟု စီးပွားရေးသမားက ဆိုသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကမူ ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းသည် Khit Thit အပါအဝင် မီဒီယာများကြောင့် ဖြစ်ကြောင်း ၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် အခေါက်ရွှေ (အကယ်ဒမီမီးလင်းရွှေ) တစ်ကျပ်သားလျှင် ၃၁ သိန်းခွဲ ၊ အမေရိကန်ဒေါ်လာ တစ်ဒေါ်လျှင် ၃၆၀၀ ကျပ် စျေးပေါက်လျက်ရှိကြောင်း စျေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- စီးပွား/ကူးသန်းဒုဝန်ကြီး ညွန့်အောင်နှင့် ဗိုလ်မှူးချုပ် ရန်နိုင်စိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article