23 C
Yangon

ရွှေကူတွင် စစ်တပ်နှင့် မြို့လှ PDF ကြားတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ မုံရွာ နမခ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ၊ ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား အများအပြားသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၇၇ စစ်ကြောင်းနှင့် မြို့လှ KPDF ကြား စက်တင်ဘာလ ၆ ရက် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ရွှေကူမြို့နယ် မြိုင်ယာကျွန်းမှ သာယာကုန်းရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော ခလရ ၇၇ စစ်ကြောင်းကိုစဥ် မြို့လှ KPDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်စိတ်မှူး လင်းဝါ ပါဝင်သောအဖွဲ့က မြိုင်ယာကျွန်းနှင့် သာယာကုန်းရွာကြားတွင် မိုင်းကွင်းဆင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ KPDF က ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ အထိနာကာ သာယာကုန်းရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ရာ အသက် ၆၀ ခန့် ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦး ပေါင်၌ လက်နက်ကြီးကျည်အစ ထိမှန်ခဲ့ပြီး ကျေးရွာရှိ ပြည်သူနေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ အနောက်မြောင်တိုင်းစစ်ဌာနချုပ် နမခအတွင်းသို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၅ ရက် ယမန်နေ့ ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှု များစွာရှိကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ၁၂၀ မမ ဖြင့် ၉ ကြိမ်၊ ၆၀ မမ ဖြင့် ၁၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမခအတွင်းရှိ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်းအတွင်းသို့ တည့်တည့်ကျရောက်ကာ ထိခိုက်မှုများစွာရှိကြောင်း Chindwin Attack Force က ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို Chindwin Attack Force တပ်ရင်း ၂၊ တပ်ခွဲ ၄ FFP၊ Future Star LPDF၊ Cobra Special Forces၊ Monywa Black Boys တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံးသည်ဟု ဘုတလင် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ဘုတလင်မြို့နယ်၊ လေးမြေကျေးရွာနှင့် တွင်းရွာကြားတွင်လည်းကောင်း ပိုးကုန်းရွာအနီးတွင်လည်းကောင်း နှစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

*စစ်ခွေးတွေက နမခတပ်ထဲကနေ မနေ့က လေးမြေရွာ၊ ဝန်ပိုရွာဘက်ကိုစစ်ကြောင်းထိုးရင်း ဒီနေ့မနက်မှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဗျတ်ဝိဗျတ္တအဖွဲနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။‌ နောက်တစ်နေရာက ဒီနေ့မနက်ခင်း နမခထဲကနေ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းထပ်ထွက်လာတယ်ဗျ။ဘုတလင်-မုံရွာလမ်းအတိုင်းထွက်လာတယ်။ တိုက်ပွဲနှစ်ခုလုံးကို ကျွန်တော်တို့ဘက်က ရှေ့ထွက်လက်နတ်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဗျ။ ပစ်ချက်ကတော့ အတိကျဘဲ။ စခတွေကတော့ အသေများမယ်။ ဒဏ်ရာရသူရော၊သေတဲကောင်ရော စုစုပေါင်း ၃၀ အထက်မှာဘဲရှိမယ်” ဟုလို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ခိုက်ခံရပြီးနောက် တွင်းရွာကို ဝင်ရောက်မီးရှို့နေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓါတ်ပုံ – မြို့လှ KPDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article