ရန်ကုန်၊ စက်တင်ဘာ ၁၃
ရုရှားသမ္မတပူတင်အနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် မော်စကိုနှင့်စိန့်ပီတာဘတ်မှ အုပ်ချုပ်ရေးအရာရှိ ၁၉ ဦးက တောင်းဆိုလိုက်ကြကြောင်း မော်စကိုတိုင်းမ်ကသတင်းဖော်ပြသည်။
မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့များမှ အုပ်ချုပ်ရေးအရာရှိ ၁၉ ဦးက ရုရှားသမ္မတ ဗလာဒီမာပူတင်ထံသို့ စက်တင် ဘာလ ၁၂ ရက်နေ့ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုကြခြင်းဖြစ်ပြီး ရွေးကောက် ပွဲတွင် မဲမသမာမှုလုပ်ခြင်းနှင့် ကျရှုံးနေသည့် မအောင်မြင်သော ယူကရိန်း ကျူးကျော်စစ်ကြောင့် နုတ်ထွက်ရန် တောင်းဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ယူကရိန်းက ရုရှားကျူးကျော်စစ်ကို တန်ပြန်ပြီး ထိုးစစ်ဆင်ကာ ရုရှားသိမ်းပိုက်ခဲ့သော နယ်မြေများကို ပြန်လည် ရယူနေချိန်လည်းဖြစ်သည်။
ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်သူများကို အရေးယူနိုင်သော ရုရှားဥပဒေအရ သမ္မတပူတင် နုတ်ထွက်ရေး တောင်းဆိုသောအရာရှိများအနေဖြင့် အရေးယူအပြစ်ပေးခံရနိုင်သော အန္တရာယ်များ ကြုံတွေ့ရဖွယ်ရှိနေသည်။
“သမ္မတပူတင်ရဲ့ လုပ်ရပ်တွေဟာ ရုရှားနဲ့ သူ့ရဲ့နိုင်ငံသားတွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေပါတယ်” ဟု စိန့်ပီတာစဘတ်မြို့၊ Semyonovsky ခရိုင် အုပ်ချုပ်ရေး အရာရှိ Ksenia Torstrem က သူ၏ Twitter လူမှုကွန်ရက်တွင် ဖော်ပြထားသော သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာအရ သိရှိရသည်။
“ရုရှားဖက်ဒရေးရှင်းသမ္မတ ရာထူးကနေ ဗလာဒီမာပူတင်ကို နုတ်ထွက်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အုပ်ချုပ်ရေးအရာရှိ ၁၉ ဦး လက်မှတ်ရေးထိုးထားသော ကြေညာချက်တွင် ဖော်ပြထားသည်။
“နောက်ထပ် လက်မှတ်ပေါင်း ၈၄ ခုကို လက်ခံရရှိထားပြီး၊ ဒါတွေကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်” ဟု Torstrem က ရေးသားခဲ့သည်။
လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ Golos က ရုရှားနိုင်ငံ၏ ဒေသနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ရုရှားသမ္မတပူတင် လိုလားသော ကိုယ်စားလှယ်လောင်းများက မဲလိမ်၊ မဲခိုးမှု အပါအဝင် မဲမသမာမှု ဒါဇင်ပေါင်းမျာစွာရှိနေကြောင်း ထုတ်ပြန်ကြေညာသည်။
စိန့်ပီတာစဘတ်မြို့ Smolninskoye ခရိုင်မှ အုပ်ချုပ်ရေးအရာရှိ Dmitry Palyuga ကလည်း ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့သော ရုရှားသမ္မတကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖြုတ်ချရန် ရုရှားလွှတ်တော်သို့ ယခင်အပတ်က တောင်းဆိုခဲ့သည်။
အဆိုပါတောင်းဆိုမှု ကြောင့် အုပ်ချုပ်ရေးအရာရှိ Palyuga ကို ရုရှားစစ်တပ်အပေါ် “အသရေပျက်စေသော” စွဲချက်ဖြင့် ရဲစခန်းသို့ ဆင့်ခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
မူရင်းသတင်းကို https://www.themoscowtimes.com/2022/09/12/russian-city-deputies-petition-for-putin-resignation-a78768 တွင် ဖတ်နိုင်ပါသည်။