32 C
Yangon

ရန်ကုန်တွင် စသုံးလုံးဟောင်း လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အောင်စိုး ပစ်သတ်ခံရ၊ နိုင်ငံတစ်ဝန်း အုပ်ချုပ်ရေးမှူး၊ Non-CDM ၊ ပျူစောထီး ၉ ဦးပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်တွင် စသုံးလုံးဟောင်း လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အောင်စိုး ယနေ့နံနက်ပိုင်းပစ်သတ်ခံရမှုအပါအဝင် နိုင်ငံတစ်ဝန်းတွင် အုပ်ချုပ်ရေးမှူး၊ Non-CDM ၊ ပျူစောထီး ၉ ဦးပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရှိရသည်။

လှိုင်မြို့နယ်မှ စသုံးလုံးဟောင်း ရာအိမ်မှူး အောင်စိုး အသတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းဟောင်း လှိုင်မြို့နယ် ၁၃ ရပ်ကွက် ရာအိမ်မှူး စိုးအောင် ယနေ့ နံနက် ၇ နာရီခွဲကျော်အချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

လှိုင်မြိုနယ်၊ ၁၃ ရပ်ကွက် ၊ ရတနာလမ်းတွင် ယနေ့နံနက် ၇ နာရီခွဲကျော် အချိန် စစ်ကောင်စီခန့် ရာအိမ်မှူး စသုံးလုံးဝန်ထမ်းဟောင်း သေနတ်ပစ်ခတ်ခံရသဖြင့် သေဆုံးသွားပြီးနောက် စစ်တပ်နှင့်ရဲများ ရောက်ရှိလာကာ အလောင်းကို လာရောက်သယ်ဆောင်ကြောင်း၊ ပစ်ခတ်ခံရသည့်နေရာပတ်ဝန်းကျင်ကိုလည်း ရဲနှင့်စစ်တပ်က ပိတ်ဆို့ ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရှိသည်။

“သေသွားတဲ့ ရာအိမ်မှူး အောင်စိုးက စစ်တပ်သတင်းပေးအစစ်ပါ။ ရပ်ကွက်ထဲမှာတော့ဒလံလို့နာမည်ကြီးတယ်။ လှိုင်မြို့နယ်ထဲဧည့်စာရင်းစစ်ရင်လည်း စခရခတွေနဲ့အတူပါတတ်တယ်။ အဲ့ဒီကောင်က စသုံးလုံးပြုတ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်နှင့်ရဲသတင်းပေး မှုခင်းသတင်းထောက် ထွန်းထွန်း ပစ်ခတ်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို၊ အမှတ်(၃) ရပ်ကွက်နေ စစ်တပ်နှင့်ရဲသတင်းပေး နေပြည်တော်မှုခင်းနှင့်သတင်းစုံအွန်လိုင်းသတင်းအေဂျင်စီမှ ထွန်းထွန်း အသက် ၄၈ နှစ်သည် နေအိမ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိသည်။

ပေါင်းတည်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဉာဏ်ဝင်း အသတ်ခံရ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရွာသစ်ကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူ းဥာဏ်ဝင်းကို စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဥာဏ်ဝင်းသည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ကြောင်း၊ စိတ်ရောဂါ​ ခံစားရပြီး စစ်တပ်မှ အနားပေးထားသူဖြစ်ကြောင်း၊ လောင်ကစား၊ အရက်ဆိုင်၊ ချဲဒိုင်များ၊ ရုံးထောက်ခံစာနှင့် ဧည့်စာရင်း တိုင်သူများထံမှ အတင်း အဓမ္မ ငွေကြေး တောင်းရမ်းနေသူဖြစ်ကြောင်း၊ လက်ပစ်ဗုံး ခါးချိတ်ကာ ပစ္စတို ကိုင်ဆောင်ထားသူဖြစ်ပြီး ရှမ်းစပ်ကျေးရွာ၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတွင် ပျူစောထီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဆင်မြေရွာတွင် နေထိုင်သည့် ပျူစောထီး အဖွဲ့ဝင် ၂ ဦးကို ဇေယျာညီနောင်အဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဆင်မြေရွာတွင် နေထိုင်သော စစ်တပ် ပျူစောထီးအဖွဲ့ဝင် နန်းအောင်သူကို ဇေယျာညီနောင်အဖွဲ့က ရှင်းခဲ့ကြောင်း သိရသည်

ပျူစောထီးအဖွဲ့ဝင် နန်းအောင်သူသည် သမီးဖြစ်သူ မင်္ဂလာပွဲ ကျင်းပရန် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀ခန့်ကို နှစ်ညတာ ညအိပ်ခေါ်ဆောင်ပြီး မင်္ဂလာပွဲ ကျင်းပခဲ့ခြင်း၊ ဆင်မြေကျေးရွာ အတွင်းရှိ စျေးဆိုင်တစ်ဆိုင်မှ ပစ္စည်းများကို စစ်ကောက်စီ တပ်ဖွဲ့ဝင်နှင့် ပူးပေါင်းပြီး အဓမ္မ ယူဆောင်သွားခြင်း၊ နန်းအောင်သူ သတင်းပေးမှုကြောင့် ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများ ဖမ်းဆီးခံရခြင်း စသည့် အချက်များကြောင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပျူစောထီး အဖွဲ့ဝင် နန်းအောင်သူနှင့် ချိတ်ဆက်၍ စစ်ကောင်စီ ထောက်တိုင်အဖြစ် ဆက်လက် လုပ်ဆောင်နေ​သော ပျူစောထီး အဖွဲ့ဝင် ဖြိုးမင်းသူကို ဇေယျာ ညီနောင်မှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထပ်မံ ရှင်းလင်းခဲ့ကြောင်း သိရသည်။

မောတောင်မြို့တွင် ပျူစောထီး ၂ ဦးသေဆုံး

တနင်္သာရီတိုင်း မောတောင်မြို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိ စစ်မှုထမ်းဟောင်း တစ်ဦး ပိုင်ဆိုင်သည့် ဆီအုန်းခြံ၌ စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် ပျုစောထီး အဖွဲ့ဝင် ၂ ဦးကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပျူစောထီး အဖွဲ့ဝင် ၂ ဦးသည် လက်နက် ကိုင်ဆောင်ထားသူများဖြစ်ပြီး ပျူစောထီး သင်တန်းဆင်းထားသည့် ခြံမန်နေဂျာနှင့် ခြံစောင့်တို့ဖြစ်ကြောင်း၊ ဆီအုန်းခြံသည် ဇဝဲအခြေစိုက် ၅၅၆ တပ်မှ ဗိုလ်ကြီးဟောင်း ကျော်နိုင် ပိုင်ဆိုင်သည့် မောတောင်မြို့ အမှတ် ၃ ရပ်ကွက်ရှိ ခြံဖြစ်ကြောင်း၊ သေဆုံးသူ ၂ ဦးသည် ပျူစောထီးခေါင်းဆောင် ကျော်ထွေးနှင့် ပေါင်းပြီး မောတောင်မြို့ထဲတွင် ရမ်းကားမှုများ လုပ်ဆောင်သူများလည်း ဖြစ်ကြောင်း သိရသည်။

လောင်းလုံးတွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ပြင်ကြီးရွာတွင် ပျူစောထီးအဖွဲ့ဝင် ဇော်ဦး နေအိမ်၌ယနေ့နံနက်ပိုင်းကသေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက်သေဆုံးသွားကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၇ ရက်နေ့ ၊နံနက် ၇ နာရီကျော်အချိန် ဇော်ဦး အသက် ၄၀ နှစ်ဝန်းကျင်ကို နေအိမ်တွင် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းကြောင်းဒေသခံတစ်ဦးကဆိုသည်။

“ပျူအိမ်ထဲက သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပါတယ်။ခဏကြာမှာလက်နက်ကိုင်ထားတဲ့လူတွေပြန်ထွက် သွားခဲ့တယ်။ပျူတော့​ပစ်တဲ့နေရာ၌ပွဲချင်းပြီးဆုံးပါးကျန်ခဲ့ပါတယ်”ဟု၎င်းကဆိုသည်။

ဇော်ဦးသည် ပျူစောထီးခေါင်းဆောင် လေးလေး ၏တပည့်အရင်း ဖြစ်ပြီး စစ်တပ်နှင့်ပူး ပေါင်းပြီးကျေးရွာထဲဓားမြတိုက်မှု၊ နေအိမ်ဖောက်ထွင်းမှု ၊လူသတ်မှုများတွင်ကိုယ်တိုင်ကျူးလွန်ပါဝင်ဖူးသူတစ်ဦးဖြစ်ကြောင်း ဒေသခံများနှင့်PDFအဖွဲ့များက ရှင်းပြသည်။

အမရပူရ၊ မြစ်ငယ် မီးရထားစက်ရုံ ရုံးအုပ် ကြူကြူစန်း သေဆုံး

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ မီးရထားစက်ရုံ အထွေထွေမန်နေဂျာရုံးမှ ရုံးအုပ်ကြီး ကြူကြူစန်းဟာ စစ်အုပ်စုနှင့် ပေါင်းကာ CDM များကို ဖိနှိပ်ခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မြစ်ငယ် MN PDF မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် အမရပူရမြို့နယ်၊ စာတိုး စက်ကွေ့ရပ်ကွက်တွင် နေထိုင်သူ မြစ်ငယ်မြို့၊ မြန်မာ့မီးရထားစက်ရုံ၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ အထွေထွေမန်နေဂျာရုံးမှာ ရုံးအုပ်ကြီး အသက် ၅၀ ကျော်အရွယ် ကြူကြူစန်းကို နေအိမ်ရှေ့တွင်ပင် သေနတ်ဖြင် ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြူကြူစန်းသည် စစ်အုပ်စုနှင့် ပေါင်းပြီး CDM များကို ဖိနှိပ်နေသူ ဖြစ်သည့်အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက အမည်ပျက်စာရင်း သွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံထားရသူလည်း ဖြစ်ကြောင်း သိရှိရသည်။

“လူစီးတွဲ နှင့် ကုန်တွဲစက်ရုံ မြစ်ငယ်မြို့ ဒေါ်ကြူကြူစန်း ရုံအုပ် (အထွေထွေမန်နေဂျာရုံး) သည် ပြည်သူနဲ့အတူ အမှန်တရားအတွက် ရပ်တည်ထားပြီး CDM ပြုလုပ်ထားသော ဝန်ထမ်းများကို စကစ စက်ယန္တရား လုပ်ငန်း လည်ပတ်နိုင်ရင်အတွက် CDM ဝန်ထမ်းများအား လုပ်ငန်းဆင်းရန် အမျိုးမျိုးဖိအားပေး စခ တို့အကြိုက် ဝန်ထမ်းများကို အမျိုးမျိုး ဒုက္ခပေး‌နေပြီး စက်ရုံထဲတွင်လည်း မင်းမူနေသောကြောင့် နှုတ်ခမ်းနီနှစ်‌တောင့်ဖြင့် ယမမင်းထံ ခစားရန် အရောက်ပို့ပေးလိုက်သည်။ အမျိုးသား ညီညွှတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန အမည်ပျက်စာရင်း ကြောညာခြင်းနှင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ခံထားရသူ တစ်ဦး” ဖြစ်ကြောင်း MN PDF (မြစ်ငယ်) မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လှိုင်တွင် ယနေ့ နံနက်ပိုင်း ပစ်သတ်ခံရသော စသုံးလုံးဟောင်း အောင်စိုး နှင့် တိုက်ခိုက်မှုများကြောင့် သေဆုံးသွားသော ပျူစောထီး ၁ ဦး ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article