By ရန်ကုန်ခေတ်သစ်
ကလေး၊ ဘီးလင်း၊ ဖားကန့်နှင့်စဉ့်ကိုင်တို့တွင် ပျူစောထီး၊ အုပ်ချုပ်ရေးနှင့်စစ်တပ်သတင်းပေး ၇ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
ကလေးမြို့တွင် စစ်တပ်သတင်းပေး ဟုသတ်မှတ်ခံရသူ ဝင်းမောင် အသတ်ခံရ
စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ (၆:၃၀)နာရီမှာ ကလေးမြို့ အောင်မင်္ဂလာ၊ နယ်မြေ ၁ ၊ အိမ်အမှက် ၆၂ ၊ ဒလန်ဟု သတ်မှတ်ခံထားရသူ ဝင်းမောင် ကို Phoenix မြို့ပြပျောက်ကြားအဖွဲ့က ဦးခေါင်း နှစ်ချက်ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဝင်းမောင်၏ အမျိုးသမီးကို ငဲ့ညှာသောအားဖြင့် ပေါင်ကိုတစ်ချက်ပစ်ခဲ့ပြီး အိမ်ရှေ့မှာ သေနတ်တစ်ချက်မိုးပေါ်ထောင်ဖောက်ရင်း “ငါတို့ UGတွေပြန်လာပြီ”လို့ ကြွေးကြော်ခဲ့ကြကြောင်း Phoenix မြို့ပြပျောက်ကြားအဖွဲ့ထံမှ သိရှိရသည်။
ဝင်းမောင်သည် အသက်(၅၀)ခန့်ရှိပြီး ဇူလိုင် ၁၁ ရက်နေ့က အသတ်ခံလိုက်သေည့် ဒလန်ဟု သတ်မှတ်ခံရသူ စိန်လင်း၏ တပည့်အရင်းလည်းဖြစ်ကြောင်း၊ ဝင်းမောင်၏သားသည် း ပျူအကြီးစားဖြစ်ပြီး ကလေးမြို့မြောက်ပိုင်း အင်ဒိုင်းကြီး စစ်တပ်နယ်မြေတွင် စစ်တပ်ဒေါက်တိုင်အဖြစ် လှုပ်ရှားနေကြောင်း၊ ဒလန်ဝင်းမောင်က ၂၀၂၁ ခုနှစ်က စပြီး တော်လှန်ရေးလူငယ် ကိုမင်းခန့်ကျော်နှင့် လူငယ်အချို့ကို ဖမ်းဆီးရန် လက်ထောက်ချကာ ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ဘီးလင်း ၊ အလူးကျေးရွာ အုပ်ချုပ်ရေးမှူး လမင်း အသတ်ခံရ
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အလူးကျေးရွာမှ စစ်ကောင်စီသတင်းပေးလည်းဖြစ်၊ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ လမင်း ကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီ အချိန် အလူးအနောက် ရွာကြီးလမ်းတွင် အမည်မသိ အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။
လမင်းသည် စစ်တပ်နှင့် ရဲကို သတင်းပေးနေမှုများရှိပြီး ရွာမှာလည်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်း၊ နာ မည်ကြီး ဒလန်လို့လည်း လူသိများကြောင်း ၊ ညနေ ၃နာရီ အလူလေး သုသန်မှာ သဂြိုလ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖားကန့်မှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ထွန်းထွန်းဦး အသတ်ခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ ၇ နာရီ ၃၀မိနစ်ခန့် တွင် နန့်ယားကျေးရွာတွင် စစ်အာဏာ သိမ်းအကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်းအခြေချတပ်စွဲထား သော နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ထွန်းထွန်းဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIAနှင့်ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပစ်ခတ်ရှင်းလင်းပြီး လက်နက်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။
စဉ့်ကိုင်တွင် စစ်တပ်သတင်းပေး မိုးကောင်းရွာပျူစောထီးခေါင်းဆောင် မောင်ချို အသတ်ခံရ
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု မိုးကောင်းရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ပျူစောထီးခေါင်းဆောင် မောင်ချိုကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်ရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“မိုးကောင်းပျူခေါင်းဆောင်လုပ်နေတာ။ ၀က်ခုံလုပ်ငန်းလုပ်ပါတယ်။ တောင်သူလည်းလုပ်တော့ တောအသွားမှာအပစ်ခံရတာလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
တောင်သာတွင် သတင်းပေး ဌေးလှိုင်၊ အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနှင့်ပျူစောထီး စောဝင်းတို့ အသတ်ခံရ
စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်း၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ခြုံကြီးအနောက်ရွာမှ စစ်ကောင်စီအလိုကျ ဒလန်လုပ်နေသော ကိုဌေးလှိုင်ဆိုသူကို The Value Of Young Men(တောင်သာ)နှင့်အတူ MGN-35 မဟာမိတ်တို့မှ အရေးယူ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တောင်သာမြို့နယ် ကျောက်ပုံကျေးရွာမှ စစ်ကောင်စီခန့် ၈ ရွာအုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနှင့်ပျူစောထီး စောဝင်းနှင့် ပူးပေါင်းပြီး မီတာကောက်ခံခြင်း၊ပြည်သူများ အပေါ် ခြိမ်းခြောက်ခြင်း၊ CDM ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေပါသောကြောင့်စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ-သေဆုံးသွားကြသည့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် သတင်းပေးများ။