ရန်ကုန်၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ လယ်ယက်ကုန်းရှိ စာသင်ကျောင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုသည်။
ကလေးသူငယ်များကို အကာအကွယ်ပေး စာသင်ကြားရန်၊ စာသင်ကျောင်းများ လုံခြုံမှုရှိရမည်ဖြစ်ကြောင်း၊ ယင်းနေရာများကို မတိုက်ခိုက်ရန်နှင့် ကျောင်း များနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်းသည် လုံခြုံရေးကောင်စီက ပြင်းပြင်း ထန်ထန် ရှုတ်ချသည့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးများအပေါ် ဆိုးရွားသော ချိုးဖောက်မှု ခြောက်ခုအနက် တစ်ခုလည်း ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ တိုက်ပွဲဝင်သူများသည် ကလေးငယ်များ သို့မဟုတ် အရပ်သားပစ္စည်းများအပါအဝင် အရပ်သားများကို တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုရဟု အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ကုလ အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ထိခိုက်သေဆုံးခဲ့ရသူ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများနှင့် ပြစ်မှု ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။