ရန်ကုန်၊ စက်တင်ဘာ ၂၅
ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် ဖလမ်းမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကြား စက်တင်ဘာလ ၂၅ ရက် ယနေ့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရကြောင်း ချင်းတပ်ဖွဲ့များထံမှ သိရှိရသည်။
မတူပီမြို့ စစ်ကောင်စီစခရိုင်ရုံးနှင့် ငလိုင်ရွာကြားတွင် ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်မှ ၁၁ နာရီအထိ စစ်ကောင်စီတပ်နှင့် CDF – မတူပီကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ဒဏ်ရာရကြောင်းနှင့် CDF ရဲဘော်တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မတူပီအခြေစိုက် ခလရ ၁၄၀ တပ်ရင်းမှ တပ်ဖွဲ့များသည် ယမန်နေ့မှစတင်ကာ မတူပီ-ဟားခါး လမ်းပိုင်းတွင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးနေကြောင်း CDF – မတူပီက သတင်းထုတ်ပြန်သည်။
အလားတူ ဖလမ်းမြို့နယ်၊ သူဖေကျေးရွာအနီးတွင် စခန်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ ညနေ ၅ နာရီခန့်တွင် သူဖေကျေးရွာအတွင်း လှည့်လည်ကြစဉ် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF မှ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ကြောင်းနှင့် CNDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – CDF မတူပီ တပ်ဖွဲ့ဝင်များ