ရန်ကုန်၊ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရွာရှည်(မ)ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်၊ စစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး မီးရှို့ခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်၏ ဖမ်းဆီးမှုခံရသော ပြည်သူများလည်းရှိနိုင်ကြောင်း သိရှိရသည်။
“ဒီမနက် ၇ နာရီ ၃၀ မိနစ် ရွာရှည် ရွာ မီးရှို့နေ။ စစ်ခွေးတွေတချို့က ကြောင်းကုန်းအိုင်ရွာဘက် ထွက်ခွာသွားပြီ။မီးရှို့ တဲ့သူက ရှို့နေတုန်းပဲ။ ရွာမှာက အိမ် ခြေ ၇၀၀ ကျော်ရှိတယ်။ တိုက်ပွဲမဖြစ်ဘဲ ရွာထဲကို ဝင်ပြီး မီးရှို့သွားတာပါ။
တန့်ဆည်ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေတာ၂ပတ်လောက်ရှိနေပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
တန့်ဆည်မြို့နယ် ရွာရှည်(မ)ရွာ ယနေ့ စက်တင်ဘာလ၂၉ရက် နံနက်၇နာရီအချိန် မီးရှို့ခံရမှုသည် တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။
တန့်ဆည်မြို့နယ်တွင် စစ်ကြောင်း၂ကြောင်း ရှိနေပြီး ရွာရှည်(မ)ရွာရှိ စစ်ကြောင်းက နေအိမ်များကို မီးရှို့လျက်ရှိကြောင်း၊ ဝက်တိုးရွာရှိ စစ်ကြောင်းက လူငယ်၆ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ရွာရှည်(မ)ရွာသည် အိမ်ခြေ၇၀၀ခန့် ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ယခင်က အကြမ်းဖက်စစ်တပ် နှစ်ကြိမ်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၇၅လုံး မီးလောင်ပျက်စီးခဲ့ရသည်။
တန့်ဆည်တွင် လက်ရှိ စက်တင်ဘာလအတွင်း စစ်တပ်က အိမ်ခြေ ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။