ရန်ကုန်၊ အောက်တိုဘာ ၁
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်မြို့အစွန်း မြို့မြောက်ဘက်ရှိ ဂူဝဘုရားအနီး စားသောက် ဆိုင်တစ်ဆိုင်တွင် အရက်ဝင်သောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ် သား နှစ်ဦးကို အောက်တိုဘာ ၁ ရက်နေ့ နေ့လယ် ၃ နာရီအချိန့်က AA က ဖမ်း ဆီးသွားကြောင်း ခိုင်လုံသောသတင်းရင်းမြစ်က Western News ကိုပြော သည်။
ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ပြီးခဲ့သည့် ၁ နှစ်ကျော်လောက်က ပြောင်းရွှေ့လာသည့် ဒုရဲအုပ် ဦးလှသိန်း (အသက်၃၈နှစ်)နှင့် တပ်ကြပ်ကြီး ဇော်လင်းဦး ၄၂ နှစ်တို့ဖြစ်ပြီး ၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့ ဂူဝ ဘုရားအနီး စားသောက်ဆိုင်တစ်ဆိုင်တွင် အရက်သောက်နေစဉ် လက်နက်များ ကိုင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။
“လက်နက်ကိုင်ထားတဲ့ လူတစ်စုက ရောက်လာတယ်။ အရက်ဆိုင်ကိုပဲဝင်သွားတာ။ အဲ့ဒီမှာ အရပ်ဝတ်ဝတ်ထားတဲ့ လူနှစ်ယောက်ကို ဆွဲခေါ်သွားတာတာတွေ့တယ်။ နောက်သေချာ လူတွေကိုမေးကြည့်တော့ ပုဏ္ဏားကျွန်း မြို့မရဲစ ခန်းက ဒုရဲအုပ်ဖြစ်တဲ့ ဦးလှသိန်းနှင့် နောက်တပ်သားတစ်ယောက်ဆိုတာ သိရတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာမသိဘူး” ဟုပြောသည်။
၎င်းတို့ နှစ်ယောက်ကို မည်သည့်အတွက်ကြောင့် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသော်လည်း အတည်မပြုရသေးသော မြို့ခံတစ်ချို့၏ ပြောဆိုချက်အရ ၎င်းတို့နှစ်ဦးမှာ ယခင်က ပုဏ္ဏားကျွန်းမြို့ခံများကို စစ်ကောင်စီက ဖမ်းဆီးရာတွင် ပါဝင်ကူညီသူများဖြစ်ပြီး နာမည်ဆိုးထွက်နေသူများဖြစ်ကြောင်း ပြောဆိုသည်။
၎င်းတို့နှစ်ဦး ဖမ်းဆီးခံရပြီး နာရီဝက်အကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ပုဏ္ဏားကျွန်မြို့ ဂူဝ ဘုရားအနီးသို့ ရောက်ရှိလာပြီး အနီးရှိ ဆိုင်များနှင့် နေအိမ်များကို ဝင်ရောက်ရှာဖွေကာ မေးမြန်းမှုများရှိကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့် ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ” စစ်တပ်က အလိုရှိနေတဲ့ မြို့ခံတွေကို ရဲတွေက ရှာပေးရတယ်။ တစ်ချို့ရဲတွေက ရှာမပေးဘူး။ သူတို့ ရှာလို့ ရတဲ့လူတွေကို စစ်တပ်ကို သွားပြီးတော့ အပ်ရတယ်။ သူတို့ က(ရဲတပ်သား) နာမည်ဆိုးနဲ့ မြို့ပေါ်မှာ ကြီးစိုးနေတယ်ပေါ့။ အဲ့ဒါကို မကျေနပ်လို့ ဒေသခံတွေက ကို AA ကို သွားတိုင်တာကြောင့် ရဲတွေကို AA က ဖမ်းတာလို့ ယူဆပါတယ်”ဟုပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများရှိနေပြီး မြို့ပေါ် လမ်းဆုံး၊ လမ်းခွများတွင် နေရာယူထားကာ ယနေ့ညနေပိုင်းအထိ မြို့ခံတစ်ချို့ကို ဖမ်းဆီးမှုများရှိကြောင်း ပြောဆိုသော်လည်း Western News က ဖမ်းဆီးခံရသည့် အခြေအနေနှင့် ပတ်သတ်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား နှစ်ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရာတွင် တစ်ဦးလွတ်မြောက်သွားပြီး တစ်ဦးဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် ပုဏ္ဏားကျွန်း မြို့ခံ ၈ ဦးထက် ဖမ်းဆီးခံရသည်။
ဓာတ်ပုံ- စစ်တွေလေဆိပ်တွင် လုံခြုံရေးတာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်မျာအားတွေ့ ရစဉ်။
(Western News- WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)