ရန်ကုန်၊ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပြီး ပြည်သူ ၄၀၀ ခန့် ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ဖမ်းဆီးထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်မွန်ရွာကို အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၄၀၀ ခန့်ကို ခင်မွန်ရွာ မင်းကျောင်းနှင့် ချမ်းသာကြီးကျောင်းတိုက်တို့တွင် နှစ်ဖွဲ့ခွဲကာ ဖမ်းဆီးထားကြောင်း သိရသည်။
” ခင်မွန်ရွာက ပြည်သူ ၄၀၀ လောက်ကို စစ်ခွေးတွေ မင်းကျောင်းနဲ့ ချမ်းသာကြီး ကျောင်းတိုက်ထဲမှာ ၂ ဖွဲ့ခွဲပြီး ဖမ်း ထားတယ်။ စစ်ခွေး အင်အားက ၅၀ လောက်ရှိတယ်။ ရွာထဲမှာရှိတဲ့ NLD ပါတီ ထောက်ခံသူတွေရဲ့ နေအိမ် ၅ လုံးကျော် မီးရှို့ဖျက်ဆီးခံထားရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ချောင်းဦး၊ ခင်ဦး၊ မုံရွာ ၊ တန့်ဆည် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်၊ မကွေးတိုင်း အတွင်းမှ မြို့နယ်တွင် နယ်မြေရှင်းလင်းခေါင်းစဉ်တပ်၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။