ရန်ကုန်၊ အောက်တိုဘာ ၇
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျောင်းသား ပြည်သူများ ဦးဆောင်ကာ အောက်တိုဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို အမျိုးသမီး၊ LGBT၊ အခြေခံပညာ ကျောင်းသူ/သားများနှင့် လူငယ်များ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။
” အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို မတရားလုယူလိုက်ပြီးကတည်းကနေ အခုထိ သူတို့အာဏာတည်မြဲရေးအတွက် မတရားတဲ့ ဥပဒေ၊ အမိန့်တွေနဲ့ ပြည်သူအပေါ် ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေဆဲဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အဲဒီလို ကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ မတရားအမိန့်ဟူသမျှကို ဖီဆန်တာဟာလည်း တော်လှန်ရေးနည်းနာ တစ်ရပ်ပဲဖြစ်တယ်။ ဘယ်အာဏာရှင်တွေကမှ သူတို့ရဲ့ မတရားတဲ့ အမိန့်၊ ဥပဒေတွေကို လိုက်နာမယ့် ပြည်သူတွေမရှိရင် ကြာကြာခံနိုင်ရိုးမရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး စစ်ကျွန်ဘဝကနေ အမှန်တကယ်လွတ်မြောက်လိုပြီး အမှန်တကယ် ကြိုးစားအားထုတ်ပါက ဒီစစ်အာဏာရှင်တွေ ဒီမြေပေါ်မှာ ကြာကြာ ခြေမချနိုင်ပါဘူး” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။