ရန်ကုန်၊ အောက်တိုဘာ ၁၂
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ သွားရောက်စီစဉ်ထားရာမှ ဖျက်သိမ်းခဲ့သော ပြင်ဦးလွင်ခရီးစဉ်ကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့ပြီး လက်ရှိတွင် ပြင်ဦးလွင်တွင် ရောက်ရှိနေကြောင်း သိရှိရသည်။
အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ပြင်ဦးလွင်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် လမ်းတစ်လျှောက် လုံခြုံရေးများ ချထားကာ ယာဉ်တန်းဖြင့် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ရောက်ရှိခဲ့ကြောင်း၊ မင်းအောင် လှိုင်က ပြင်ဦးလွင် လာရောက်ရာ တွင် သတင်းအမှောင်ချခဲ့ပြီး အခြားသော စစ်ခေါင်းဆောင်တစ်ဦး လာရောက်ပုံစံ အသွင်ယူခဲ့ကြောင်း သိရှိရသည်။
“မနေ့က ကားတန်းတက်သွားတာတွေ့တယ်။ လမ်းတလျှောက် လမ်းတွေပိတ်၊ လမ်းတစ်လျှောက်လုံခြုံရေးတွေ ချပြီး တက်သွားတာ။ မအလ ပြင်ဦးလွင် လာတာ အတော်သိုသိုသိပ်သိပ်။ လုံခြုံရေးတွေ အများကြီး တက်လာတယ်။ ပြင်ဦးလွင် မြို့ရှောင်လမ်းလည်း ရဲခွေးတွေအများကြီး။ တနင်္လာနေ့ ညနေအထိ စစ်ကားတွေတက်လာခဲ့တာ။ အင်္ဂါနေ့ညနေမှာ ယာဉ်တန်းနဲ့တက်လာတာ။ ဒီည သတင်းမှာ တော့ ပါမယ်ထင်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
တပ်သတင်းရင်းမြစ်တစ်ခုကမူ “မနေ့ညနေ ၄ နာရီ ပြင်ဦးလွင်ကို အကောင်ကြီးတွေ လာပါတယ်။ သူတို့လမ်းမှာ လုံခြုံရေးချထားတာတော့ တနင်္လာနေ့ကတည်းကပါ။ ခုလာကြတာကို ခိုးချောင်ခိုးဝှက်နဲ့ လာကြတာပါ။ လာကြဖို့ကိုအခြေအနေအရိပ်ပဲပြပြီး လာတာအချိန်အတိအကျမပြောမထားဘဲ ဝုန်းဆိုရောက်လာတာမျိုးဖြစ်လို့ ဒီဘက်နယ်မြေခံတွေ အကုန်အလုပ်ရှုပ်ပြီး ပြာပြာသလဲဖြစ်သွားရပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်တွင် လက်ရုံးတပ် ရွေး ချယ်ပွဲ လာရောက်နေခြင်းဖြစ်ပြီး ယနေ့ လက်ရုံးတပ်ရွေးပွဲ စတင်ကြောင်း၊ ပြီးလျှင် DSTA ကျောင်းပွဲ ဆက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြင်ဦးလွင် သွားရောက်ရန် စီစဉ်ထားသော ခရီးစဉ်ကို လုံခြုံရေး စိတ်မချရသဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရာမှ ခိုးကြောင်ခိုးဝှက်သွားရောက် ခဲ့ခြင်းဖြစ်သည်။
ပြင်ဦးလွင်ပတ်ဝန်းကျင် နောင်ချိုဘက်တွင် TNLA ၊ မန္တလေး PDF နှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရှိရသည်။