25 C
Yangon

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေသော မြန်မာစစ်ကောင်စီကို အရေး ယူရန် ကုလညီလာခံနှင့် အစည်းအဝေးပေါင်း ၃၀ ခုတွင် တင်ပြတောင်းဆို

Must read

ရန်ကုန်၊နိုဝင်ဘာ ၃

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် နောက် ဆက်တွဲ အစည်းအဝေး ၃၀ ခုကို တက်ရောက်ပြီး အကြမ်းဖက် မင်းအောင်လှိုင် ခေါင်း ဆောင်သော အကြမ်းဖက်စစ်ကောင်စီကို အရေးယူရန် နိုင်ငံ တကာနှင့် ကုလသမဂ္ဂကို တိုက်တွန်းလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ၇၇ ကြိမ်မြောက် ကုလသ မဂ္ဂအထွေထွေညီလာခံ၏ နောက်ဆက်တွဲ ကော်မတီအစည်းအဝေးများကို စတင်ကျင်းပလျက်ရှိပြီး အောက်တိုဘာလ ၁၄ ရက်နေ့အထိ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေး ၁၁ ခုကို တက်ရောက်ခွင့်ရရှိခဲ့ကြောင်း၊ အောက် တိုဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ အထိ ညီလာခံနှင့် နောက်ဆက်တွဲ အစည်းအဝေးပေါင်း ၁၉ ခု တက်ရောက်ခွင့်ရရှိခဲ့ကြောင်း၊ ထို့ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကုလသမဂ္ဂညီလာခံနှင့်အစည်းအဝေးပေါင်း ၃၀ ခုကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂညီလာခံနှင့်နောက်ဆက်တွဲ အစည်းအဝေးများတွင် မြန်မာပြည်သူများကို ကူညီရန်နှင့် ရက်စက်ယုတ်မာသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂက အရေးယူရန် တောက်လျှောက်ဆိုသလို တိုက် တွန်းနေခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ အထိ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့သော ကုလသမဂ္ဂအစည်းအဝေး ၁၉ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁- အောက်တိုဘာလ ၁၄ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်၍ လူသားမဆန်သော သို့မဟုတ် နှိမ့်ချသောဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေး နွေးမှုအစီအစဉ်၌ မြန်မာနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူများအပေါ် ရက်စက်ကြမ်းကြုတ်၍ လူသားမဆန်စွာ ပြုမူဆက်ဆံလျက်ရှိသည့် စစ်တပ်၏ လုပ်ရပ်များအတွက် သက်သေအထောက်အထား ထွက်ဆိုချက် မြောက်များစွာရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည်။

၂- အောက်တိုဘာလ ၁၄ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ် ဖော်ပြောကြားခွင့်ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်၌ သတင်းထောက်များမှ မြန်မာနိုင်ငံတွင် ပကတိဖြစ်ပေါ်နေ သည့် အဖြစ်အပျက်အခြေအနေမှန်များကို ဖော်ထုတ်ရန် ကြိုးစားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသော စစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

၃-အောက်တိုဘာ ၁၇ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်၌ တရားမဝင်စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူမဆန်သောလုပ် ရပ် များကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ပြည်တွင်းနေရာအနှံ့အပြားတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ အမြောက်အများ ဖြစ်ပေါ်လာစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

၄- အောက်တိုဘာ ၁၈ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ “နျူကလီး ယားလက်နက်များ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်အား နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် ပြောကြားခဲ့သည်။

၅-အောက်တိုဘာလ ၁၈ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် အတင်းအကြပ်ပျောက်ကွယ်စေမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ စစ်တပ်တွင် ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေသော ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာက ၎င်းတို့အား အတင်းအကျပ်ပျောက်ကွယ်စေခြင်းကဲ့သို့ ပြစ်မှုများကို ဆက်လက်ကျူးလွန်နေစေရန် အားပေးအားမြှောက်ပြုနေဟုပြောကြားသည်။

၆- အောက်တိုဘာလ ၁၉ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ “အဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ မြန်မာနိုင်ငံသည် အဖျက်စွမ်းအားပြင်းလက်နက်များ အသုံးပြုမှု အလုံးစုံကို ခြွင်းချက်မရှိ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း၊ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ရက်စက်စွာ လူမဆန်စွာ ယုတ်မာစွာ ကျူးလွန်နေမှုများအရ မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် ဆိုးရွားသည့် မည်သည့်လုံခြုံရေးခြိမ်းခြောက်မှုမျိုးကိုမဆို ကျူးလွန်ရန် တုန့်ဆိုင်းနေမည်မဟုတ်သဖြင့် နိုင်ငံတကာက အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

၇- အောက်တိုဘာလ ၂၀ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီမှ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှု၊ ဘာသာရပ်အစီအစဉ် (၅၀) တွင် မြန်မာစစ်တပ်မှ သတင်းသမားများအား မတရားဖမ်းဆီးနှိပ်စက်၍ ၎င်းတို့၏လုပ်ရပ်များအား သတင်းအမှောင်ချရန် ကြိုးပမ်းမှုနှင့် သတင်းမှားဖြန့်ဝေမှုများကို နိုင်ငံတကာမှဖော်ထုတ်ပေးရန်၊ သတင်းသမားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်စေရန်နှင့် မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိသော မီဒီယာကဏ္ဍပြန်လည်ရရှိစေရေးအတွက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးရန် သံအမတ်ကြီးက ပန်ကြားခဲ့သည်။

၈- အောက်တိုဘာလ ၂၁ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် စစ်တပ်၏ ရက်စက်သောလုပ်ရပ်များကြောင့် သေဆုံးခဲ့ရသော ပြည်သူများနှင့် ဒုက္ခခံစားနေရသော ပြည်သူများ၏ အသက်အိုးအိမ်ဘဝများသည် တန်ဖိုးရှိပြီး အရေးကြီးကာ၊ မိမိအနေဖြင့်လည်း ၎င်းတို့အား မည်သို့မျှ မေ့လျော့နိုင်မည်မဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

၉- အောက်တိုဘာလ ၂၄ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ “အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် မြန်မာစစ်တပ်၏ သတင်းအချက်အလက်နှင့်နည်းပညာအား ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးပြုနေမှုကို နိုင်ငံတကာအသိုက်အဝန်းနှင့် နည်းပညာအသိုက်အဝန်းမှ တားဆီးပေးပါရန် ပြောကြားခဲ့ပြီး၊ ဖားကန့်ဒေသ အနန်ပ၌ အပြစ်မဲ့ပြည်သူများအား စစ်တပ်မှ စစ်လေယာဉ်ဖြင့် ဆိုးရွားယုတ်မာစွာ ဗုံးကြဲ၍ ပြည်သူများ အသက်ဆုံးရှုံးခဲ့ရမှုကို အသိပေးကာ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ရန်အတွက် မြန်မာစစ်တပ်သို့ လက်နက်တင်ပို့ရောင်းချနေသည့် နိုင်ငံများအနေဖြင့် တင်ပို့ရောင်းချမှုများကို ချက်ချင်းရပ်တန့်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတိုက်တွန်းခဲ့သည်။

၁၀- အောက်တိုဘာလ ၂၅ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ တရားမဝင်အာဏာသိမ်းစစ်တပ်သည် ပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်အပါအဝင် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲရဲတင်းတင်းနှင့် မျက်ဝါးထင်ထင် ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြ ပြောဆိုခဲ့သည်။

၁၁- အောက်တိုဘာ ၂၅ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ကချင်ပြည်နယ် အနန့်ပါ (A Nang Pa) ၌ အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများသည် အရေးပေါ်ကျန်းမာရေးကုသမှု ချက်ချင်းလိုအပ်လျက်ရှိ၊ အဆိုပါ အသက်များကို ကယ်တင်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူလုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ရန်လိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ သည်။

၁၂- အောက်တိုဘာလ ၂၆ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ဤကော်မတီအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်၍ လူမဆန်သောလုပ်ရပ်များကို အလေးထားအာရုံစိုက်နိုင်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း စစ်တပ်၏ အကြမ်းဖက်မှုများကို ထိန်းချုပ်ရပ်တန့်ကာ ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးနိုင်ရေးအတွက် အနန့်ပါ ၌ တေးဂီတဖြေဖျော်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကို နိုင်ငံတကာက သတိပြု အရေးယူရန် သံအမတ်ကြီးက တိုက်တွန်းပြောဆိုခဲ့သည်။

၁၃- အောက်တိုဘာလ ၂၇ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၁) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာတရားရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ စစ်တပ်၏ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများမှာ လျော့နည်းလာခြင်းမရှိဘဲ မြန်မာနိုင်ငံနေရာအနှံ့ အပြားတွင် ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ ICJ ၏ ဂမ်ဘီယာ-မြန်မာအမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

၁၄- အောက်တိုဘာလ ၂၈ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၌ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း သိရှိရသည်။

၁၅- အောက်တိုဘာလ ၃၁ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် လုံလောက်သည့် သက်သေအထောက်အထားများရှိကြောင်း၊ ယခုအချိန်သည် ယင်းသက်သေအထောက်အထားများကို အသုံးပြု၍ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုများပြုလုပ်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

၁၆-နိုဝင်ဘာလ ၁ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် မျက်နှာစုံညီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ အသက်များကို ကာကွယ်ရန် မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ သက်သေအထောက်အထားများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းခြင်းအပါအဝင် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

၁၇-နိုဝင်ဘာလ ၁ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ တရားမဝင် စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရသူများအနေဖြင့် မြန်မာနိုင်ငံတွင် အသက်အန္တရာယ်၊ ညဉ်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးခံရခြင်း ဘေးအန္တရာယ်များအပြင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖမ်းဆီးခံရခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ခံရခြင်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

၁၈-နိုဝင်ဘာလ ၂ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်းအစီအစဉ်၌ စစ်တပ်မှ ပြည်သူများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူများ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

၁၉- နိုဝင်ဘာလ ၂ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော လူ့အခွင့်အရေးကောင်စီ၏ အစီရင် ခံစာအပေါ် အထွေထွေဆွေးနွေးခြင်းအစီအစဉ်၌ IIMM မှ လက်ခံရရှိထားသော သက်သေအထောက်အထားများကို ထိရောက်ဆောလျင်စွာ အသုံးပြုရန် အချိန် ကျနေပြီး လုံခြုံရေးကောင်စီသို့ ပေးပို့နိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီအနေဖြင့် နည်းလမ်းရှာသင့်ဟု ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article