ရန်ကုန်၊ နိုဝင်ဘာ ၄
မြန်မာနိုင်ငံတစ်ဝန်း ကျေးလက်ဒေသများတွင် တန်ဆောင်တိုင် ဘုရားပွဲများ၊ ပွဲလမ်းသဘင်များနှင့် စနေ၊ တနင်္ဂနွေ နေ့ အားလပ်ရပ် ပျော်ပွဲရွှင်ပွဲများတွင် လူစည်ကားစေရန်အတွက် လောင်းကစား၀ိုင်းများကို စစ်တပ်နှင့်ရဲများက မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းပြီး ဆက်ကြေးကောက်ယူမှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၂ ရက်နေ့ တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နှစ်ကျိပ်ရှစ်ဆူဘု ရား များကိုပင့်ဆောင်အပူဇော်ခံသည့် ဘုရားပွဲများတွင် လူအမြဲမပြတ်စည်ကားစေရန် စစ်တပ်နှင့်ရဲများက လောင်းကစားဝိုင်းမျိုးစုံ ထည့်သွင်းကျင်းပခိုင်းနေကြောင်း၊ လောင်းကစား၀ိုင်းများမှ ဆက်ကြေးများကောက်ယူပြီး ကောက်ခံရရှိသည့် ငွေကြေးများကို စစ်တပ်နှင့်ရဲက တစ်ဝက်၊ ရပ်ကွက်ရုံးများက တစ်ဝက်ဖြင့် ခွဲဝေယူကြကြောင်း သိရှိရသည်။
“ဘုရားပွဲမှာ လောင်းကစား ၀ိုင်းတွေ မဖြစ်မနေ ထည့်ခိုင်းတယ်။ ဘုရားပွဲတွေမှာ လူတွေနဲ့ အေးချမ်းနေပြီ။ မြို့ရွာတွေမှာ အေးချမ်းတည်ငြိမ်နေပြီ၊ ပုံမှန်အတိုင်းဖြစ်နေပါပြီလို့ ပြချင်တာထင်တယ်။ ဘာသာရေးကိုအကြောင်းပြပြီးလောင်းကစားဝိုင်းတွေလုပ်ခွင့်ပေးပြီး အားလုံး အေးချမ်းနေပြီလို့ ပြချင်နေတာ” ဟု ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကတုတ် ကျေးရွာတွင်လည်း စစ် တပ် နှင့်ရဲများက လောင်းကစား၀ိုင်းများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ပူး ပေါင်း ၍ ပြုလုပ်ခွင့်ပေးထားပြီး နေ့၊ ညမပြတ် လူစည်ကားလျက်ရှိကြောင်း၊ အဓိက အားဖြင့် ကျေး ရွာများတွင် PDF များ မခိုအောင်းနိုင်စေရန်နှင့် ပြည်သူများ နိုင်ငံ ရေး စိတ်ပါဝင်စားခြင်းမရှိ စေရန် အတွက် ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တရားဝင် ပြောဆို၍ လောင်းကစား၀ိုင်းများ ပြုလုပ်ခိုင်းခြင်းဖြစ်သည်ဟု သိရှိရသည်။
“ရွာမှာ အာဝါဒေး လောင်းကစား၀ိုင်းတွေကို ဖမ်းမယ့်သူလည်းမရှိဘူး ။ ခိုးမှုနဲ့ ရာဇဝတ်မှုတွေလည်း ပေါလာတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ-ကောင့်သောင်းမြို့ ဘုရားပွဲမှ လောင်းကစား ၀ိုင်းများ။