27 C
Yangon

ပေါင်းတည်၊ တောင်ငူ၊ မြိုင်နှင့် သပိတ်ကျင်းတို့တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦးခန့်သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ပေါင်းတည်၊ တောင်ငူ၊ မြိုင်နှင့် သပိတ်ကျင်း မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦးခန့်သေဆုံး​ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

တာင်ငူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၅ ဦးခန့် သေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်ငူမြို့နယ် ဇရပ်ကြီးအနီးရှိ တလိုင်းအိုင်ရွာ အလှူပွဲတွင် ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၅ ဦးခန့်သေဆုံးကြောင်း သိရသည်။

“ဇရပ်ကြီးနားက တလိုင်းအိုင်ရွာ အလှူမှာ ဗုံးကွဲပြီး နံက် ၈ နာရီလောက်မှာ PDF တွေနဲ့ စစ်ခွေးတွေ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေက အနည်းဆုံး ၅ ဦးလောက်သေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၁ လုံးနှင့် တောတဲ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့တွင် ဖားယားကြီးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဖားယားကြီးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် ဖားယားကြီးကျေးရွာနေ အုပ်ချုပ်ရေးမှုး ဆောင်းတင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၅) နွေဦးအဖွဲ့ မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဆောင်းတင် အလောင်းကို မွန်းလွဲ ၁ နာရီခန့် အကြာတွင် ပေါင်းတည်မြို့မှ ရဲနှင့် စစ်သားများက ဆိုင်ကယ် ၃ စီး၊ ရဲကားလေး ၁ စီး၊ အရာရှိ လိုက်ပါလာသော အိမ်စီးကားလေး ၁ စီးနှင့် နာရေးကား ၁ စီးတို့ ရောက်ရှိ လာပြီး အလောင်း ကောက်ယူသွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး တာဝန်မှ မနှုတ်ထွက်သော စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

သပိတ်ကျင်းရှိ ရဲကင်း စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ရဲကင်း စစ်ဆေးရေးဂိတ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် သပိတ်ကျင်းမြို့ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲကင်း စစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီမနက် ၈ နာရီ ၅၀ မိနစ် အချိန် တကောင်းရဲကင်းစစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ် (ပကဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ ပဒေသာမိုင်း ၂ လုံးဖြင့်ဖောက်ခွဲခဲ့ပါတယ်။ အထိခိုက်တော့မရှိခဲ့ပါဘူး” ဟု သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မကွေးတွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်တို့တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရ​ပြီး ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပခုက္ကူမြို့နယ် ကျောက်စရစ်ကန်နှင့် မြိုင်မြို့နယ် သစ်ပင်ကြီးရွာ လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်သားနှင့် ပျူစောထီးများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဒရုန်းဖြင့် တိုက်ခိုက် ခံရပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့များကို စစ်ကောင်စီ တပ်သားများက ကားဖြင့် လာရောက်ပစ်သောကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး ကျည်ထိမှန်ကာ ပျူစောထီး ခေါင်းဆောင် မင်းဇော်ဦး သေဆုံး နိုင်ကြောင်း သိရသည်။

သေဆုံးသည်ဟု ယူဆရသော ပျူစောထီး ခေါင်းဆောင် မင်းဇော်ဦး၏ လက်ကိုင်ဖုန်းကို ကာကွယ်ရေး တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် မြိုင်တွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ၅ ဦးအတွက် လက်စားချေ တိုက်ခိုက် ခြင်းဖြစ်ကြောင်း မြိုင် ပကဖ တပ်ရင်း-၁ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article