27 C
Yangon

Must read

မတ္တရာတွင် စစ်တပ် ယာဥ်တန်း မိုင်းဆွဲခံရပြီး ၉ ဦးသေဆုံး၊ မြင်းမူတွင် စစ်သားများ လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ၃ ဦးသေဆုံး၊ တမ္ပဝတီ ရဲစခန်း ဖောက်ခွဲ တိုက်ခိုက်ခံရ​

ရန်ကုန်၊ နိုဝင်ဘာ ၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးမှ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးရန် ထွက်ခွာလာသော စစ်ကား ၄ စီးကို ဟင်္သာကုန်းရွာနှင့် တောင်ကိုင်းရွာ အကြားတွင် ပဒေသာမိုင်း ၃ လုံးဖြင့် နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီးထိမှန် ပျက်စီးကာ စစ်သား ၉ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၉ ကောင်သေတယ်။ နောက်ထပ် သေနိုင်သေးတယ်။ မိုင်းဆွဲတာ ကား ၂ စီးထိတယ်။ ၁ စီးကတော့ မွန်းမံပြီး ဆွဲယူသွားတယ်။ ၁ စီးကတော့ ခုထိ ရပ်ထားတုန်းပဲ” ဟု နတ်ဆိုးမြေအောက် တော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့ စီးပွားရေး ဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၃ မိနစ်ခန့်တွင် မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပစ်တာကတော့ လက်ပစ်ဗုံးနဲ့အလစ်ဝင်ပစ်ခဲ့တယ်။ ကိုယ့်ဘက်ကတော့ ဘေးကင်းကင်းနဲ့ မြို့ထဲကနေထွက်လာနိုင်ခဲ့တယ်။ ခွေးတွေကတော့ ၃ဦး နေရာတင်ဘဝပြောင်းသွားတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်လို့ မြို့ပေါ်နေတဲ့ သူတွေကတော့ပြော‌တယ်။ သတင်းအတိကျ အတည်ပြုနေဆဲပဲ” ဟု မြင်းခြံ Zeroပြောက်ကြားတပ်ဖွဲ့ ခေါင်းဆောင်ကိုသက်ကြီးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို True Fighter အဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့ ၈၄ လမ်း စစ်ကိုင်း-မန္တလေးလမ်းပိုင်းရှိ တမ္ပဝတီ ရဲစခန်း ဖောက်ခွဲ တိုက်ခိုက်ခံရ​ပြီး စစ်ကောင်စီ တပ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲစခန်းဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး လူနာတင်ယာဥ် ၃ စီး ရဲစခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

“မန္တလေး တမ္ပဝတီ ရဲစခန်းမှာ ဗုံးပေါက်ကွဲတယ်။ မြို့နယ်မှူး အပါဝင် ၇ ယောက်ဦး ထိတယ်လို့ သိရတယ်။ ဘယ်နှစ်ဦး သေတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – Zero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article